နျူကလီးယားဆွေးနွေးပွဲ ကျင်းပနေချိန် အီရန်က အာကာသလွှတ်တင်မှုအသစ်အကြောင်း ကြေညာ

အာကာသလွှတ်တင်မှု အသစ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု အီရန်က ကြာသပတေးနေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အီရန်၏ ပြောကြားချက်ကြောင့် ဝါရှင်တန်တွင် စိုးရိမ်မှုများမြင့်တက်လျက်ရှိသလို ထိုကဲ့သို့သောဖြစ်ရပ်များသည် ၂၀၁၅ နျူကလီးယား သဘောတူညီမှုအား ပြန်လည်ပြင်ဆင်ရန်လိုအပ်ကြောင်း ပြသနေခြင်းဟုလည်း အမေရိကန်ကပြောကြားသည်။

01 Jan 2022

ဓာတ်ပုံ - AFP

DMG ၊ ဇန်နဝါရီ ၁

အာကာသလွှတ်တင်မှု အသစ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု အီရန်က ကြာသပတေးနေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အီရန်၏ ပြောကြားချက်ကြောင့် ဝါရှင်တန်တွင် စိုးရိမ်မှုများမြင့်တက်လျက်ရှိသလို ထိုကဲ့သို့သောဖြစ်ရပ်များသည် ၂၀၁၅ နျူကလီးယား သဘောတူညီမှုအား ပြန်လည်ပြင်ဆင်ရန်လိုအပ်ကြောင်း ပြသနေခြင်းဟုလည်း အမေရိကန်ကပြောကြားသည်။

တီဟရန်သည် ၎င်း၏ ပထမဆုံးစစ်ဘက်ဆိုင်ရာဂြိုလ်တုကို ဂြိုလ်ပတ်လမ်းကြောင်းပေါ်သို့ ဧပြီလ ၂၀၂၀ ခုနှစ်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် အမေရိကန်တို့၏ ပြင်းထန်စွာပြစ်တင်ပြောဆိုခြင်းကို ခံခဲ့ရသည်။

အနောက်နိုင်ငံအစိုးရများက အဆိုပါဂြိုလ်တုလွှတ်တင်မှု နည်းပညာတွင် နျူကလီယားထိပ်ဖူးကိုပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံးကျည်များနှင့်လဲလှယ်ထားသည့် နည်းပညာများနှင့်ပေါင်းစပ်ထား မည်ကို စိုးရိမ်ကြသည်။

အီရန်ကမူ ၎င်း၏အာကာသအစီအစဉ်သည် အရပ်ဘက်နှင့် ကာကွယ်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့ပြီး နျူကလီးယားသဘောတူညီချက်နှင့် အခြားသော နိုင်ငံတကာသဘောတူညီချက်တို့ကိုလည်း ချိုးဖောက်ထားခြင်းမရှိကြောင်း ပြောကြားသည်။

အမေရိကန်က အီရန်၏ အာကသလွှတ်တင်မှုလုပ်ဆောင်သည့် ယာဉ်များ တိုးတက်လာမှုအပေါ်တွင် စိုးရိမ်မကင်းဖြစ်လျက်ရှိပြီး အဆိုပါဖြစ်ရပ်သည် အလေးအနက်ထားစဉ်းစားရမည့် ပြန့်ပွားလာနိုင်သည့် စိုးရိမ်စရာတစ်ခုဖြစ်သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားသည်။

အီရန်နိုင်ငံပိုင်ရုပ်သံက သဲကန္တာရနေရာတစ်ခု၌ ဒုံးပျံလွှတ်တင်စင်မှ ဒုံးပျံလွှတ်တင်လိုက်သည့်ဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သော်လည်း အဆိုပါနေရာ၏ တည်နေရာအသေးစိတ်ကို ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

အီရန်နိုင်ငံသည် တီဟရန်နှင့် မိုင် ၁၉၀ ကွာဝေးသည့် ဆမ်နန်မြို့ရှိ အီရန်အာကာသဌာနတွင် အာကသယာဉ်လွှတ်တင်ရန် ပြင်ဆင်နေကြောင်း အမေရိကန်သတင်းဌာနတစ်ခုက ယခုလ အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။