- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အီရန်ဆန္ဒပြပွဲများ အရှိန်မြင့်၊ အကြမ်းဖက်မှုအသွင် ပြောင်း
အီရန်နိုင်ငံတစ်ဝန်းတွင် စက်သုံးဆီဈေး တိုးမြှင့်မှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများသည် တနင်္လာနေ့တွင် မြို့ပေါင်း ၁၀၀ ကျော်အထိ ပြန့်နှံ့သွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 Nov 2019
အီရန်နိုင်ငံတစ်ဝန်းတွင် စက်သုံးဆီဈေး တိုးမြှင့်မှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများသည် တနင်္လာနေ့တွင် မြို့ပေါင်း ၁၀၀ ကျော်အထိ ပြန့်နှံ့သွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆန္ဒထုတ်ဖော်ပွဲများသည်လည်း ၂၀၀၉ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများထက် ပိုမိုမြန်ဆန်စွာ အကြမ်းဖက်မှုပုံစံအဖြစ် ပြောင်းလဲလာလျက်ရှိနေသည်။
သောကြာနေ့အစောပိုင်းတွင် အစိုးရက စက်သုံးဆီဈေး တိုးမြှှုင့်လိုက်ရာမှ မငြိမ်မသက်မှုများ စတင်ပေါ်ပေါက်ခဲ့သည်။ ပြည်သူများအား ကြိုတင်အသိမပေးဘဲ တစ်လီတာကို ၁၃ ဆင့်အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ပြည်သူများသည် လစဉ် ၆၀ လီတာအထိကို ၁၃ ဆင့်ဈေနှုန်းဖြင့် ရရှိမည်ဖြစ်ပြီး ၆၀ လီတာကျော်လျှင် တစ်လီတာကို ၂၆ ဆင့် ပေးဝယ်ရမည်ဖြစ်သည်။
အစိုးရက ဆန္ဒပြမှုများအား ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း အင်တာနက်လိုင်းများ ပိတ်လိုက်သဖြင့် ဆန္ဒပြပွဲများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များလည်း တိကျစွာ မသိရပေ။ ဆန္ဒဖော်ထုတ်သူများ မီးရှို့ထားခဲ့သည့် စက်သုံးဆီဆိုင်များ၊ ဘဏ်များ၊ ယာဉ်များ လမ်းမများပေါ်တွင် ပြန့်ကြဲနေသည့် အပျက်အစီးများကို အစိုးရပိုင် မီဒီယာများတွင် ဖော်ပြထားသည်။
အစောပိုင်းရက်များက အွန်လိုင်းပေါ် တင်ထားကြသော ဗီဒီယိုများတွင် ပြည်သူများသည် သူတို့၏ကားများကို လမ်းပေါ်တွင် ရပ်ထားခဲ့ပြီး မြို့လယ်သို့ ချီတက်နေကြသည်ကို တွေ့ရသည်။
အီရန်အကြီးအကဲ အယာတိုလာခါမေနီကမူ အစိုးရ၏ ဆုံးဖြတ်ချက်အား တနင်္ဂနွေနေ့က ထောက်ခံပြောကြားလိုက်သည်။ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးသူများသည် လူရမ်းကားများသာဖြစ်ကြောင်း ၎င်းက ပြောကြားပြီး ဆန္ဒပြပွဲများအား ဖြိုခွင်းရန် လိုအပ်နေပြီဟု အရိပ်အမြွက် ပြောကြားခဲ့သည်။
အကြမ်းဖက်မှုများကြောင့် သေဆုံးသူ သုံးဦးရှိသွားပြီဖြစ်ကြောင်း အီရန်အာဏာပိုင်များက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အီရန်သမ္မတ ဟာဆန်ရိုဟာနီ၏ စက်သုံးဆီဈေးတိုးမြှင့်မည့် ဆုံးဖြတ်ချက်ကြောင့် ဆန္ဒပြပွဲများ စတင်ခဲ့သော်လည်း အဓိက အကြောင်းရင်းမှာ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်လာပြီဖြစ်သည့် စီးပွားရေးအကျပ်အတည်းများကြောင့် ဖြစ်သည်။ အီရန်နှင့် ကမ္ဘာ့နိုင်ငံများ ၏ နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ပြီး အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ်လိုက်ခြင်းသည်လည်း အီရန်စီးပွားရေးကို ပိုမိုဆိုးဝါးသွားစေခဲ့သည်။
တနင်္လာနေ့ညပိုင်း နောက်ဆုံးရရှိသော သတင်းများအရ ဆန္ဒထုတ်ဖော်သူများသည် ရဲအရာရှိတစ်ချို့အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အီရန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။