- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အီရန်ရေကြီးမှု ၅၁ ဦးထက်မနည်း သေဆုံးပြီး အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိ
အီရန်နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးပြီး မြေပြိုမှုများကြောင့် သေဆုံးသူစုစုပေါင်းသည် ဇူလိုင်လ ၂၉ ရက်နေ့အထိ ၅၃ ဦးရှိနေပြီဖြစ်ကြောင်း အီရန်အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
31 Jul 2022

DMG ၊ ဇူလိုင် ၃၁
အီရန်နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးပြီး မြေပြိုမှုများကြောင့် သေဆုံးသူစုစုပေါင်းသည် ဇူလိုင်လ ၂၉ ရက်နေ့အထိ ၅၃ ဦးရှိနေပြီဖြစ်ကြောင်း အီရန်အရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
ရေကြီးမှုဒဏ်ကို နိုင်ငံတစ်ဝန်း ခရိုင် ၃၁ ခုအနက် ၁၈ ခရိုင်ရှိ မြို့နှင့်ကျေးရွာ ၄၀၀ ခန့် ခံစားခဲ့ရကြောင်း အီရန်ကြက်ခြေနီ အရေးပေါ်ကယ်ဆယ်ရေးဌာန အကြီးအကဲ မက်ဒီဗာလီပူးက အစိုးရပိုင်ရုပ်သံတွင် ဖြေကြားထားသည်။ ပျောက်ဆုံးနေသူ ၁၆ ဦးရှိပြီး ၎င်းတို့ကို ရှာဖွေနေဆဲဖြစ်ကြောင်းလည်း သူကပြောသည်။
ရေကြီးမှုကြောင့် ကားလမ်းမကြီးအများအပြားကို ပိတ်ထားဆဲဖြစ်သည်။
မြို့တော်တီဟရန်အရှေ့မြောက်ပိုင်း အယ်လ်ဘော့တောင်တန်းများ အောက်ခြေဒေသများတွင် ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားနေရပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကြောင်း တီဟရန်မြို့တော်ဝန် မိုဆင်းမန်ဆိုရီက ပြောကြားသည်။ ပျောက်ဆုံးနေသူ ၆ ဦးခန့် ရှိသည်ဟုလည်း သူကဆိုသည်။
ကြာသပတေးနေ့က တီဟရန်အနောက်မြောက်ပိုင်း အီမန်ဇာဒက်ကျေးရွာတွင် မြေပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ရသည်။ အဆိုပါကျေးရွာရှိ ဘာသာရေးအဆောက်အအုံတစ်ခုလည်း ပြိုကျခဲ့ကာ ပျောက်ဆုံးနေသူ ၁၄ ဦးခန့်အထိ ရှိကြောင်း အစိုးရပိုင်ရုပ်သံက ကြေညာခဲ့သည်။
အီရန်တွင် ပြီးခဲ့သောစနေနေ့ကလည်း တောင်ပိုင်း ဖားစ်ခရိုင်တွင် ရုတ်တရက်ရေကြီးပြီး လူ ၂၂ ဦးသေဆုံးခဲ့သည်။