- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အိန္ဒိယတွင် မွတ်ဆလင်ဆန့်ကျင်ရေးဥပဒေကြမ်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အရှိန်မြင့်တက်
ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီက အာဏာရရှိထားသော အိန္ဒိယနိုင်ငံတွင် မွတ်ဆလင်များကို ခွဲခြားရာရောက်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ အရှိန်မြင့်တက်လျက်ရှိကြောင်း BBC သတင်းတစ်ရပ်အရ သိရသည်။
12 Dec 2019
ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီက အာဏာရရှိထားသော အိန္ဒိယနိုင်ငံတွင် မွတ်ဆလင်များကို ခွဲခြားရာရောက်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ အရှိန်မြင့်တက်လျက်ရှိကြောင်း BBC သတင်းတစ်ရပ်အရ သိရသည်။
ထိုသို့အငြင်းပွားမှုများ ပေါ်ပေါက်လျက်ရှိသော ဥပဒေကြမ်းမှာ နိုင်ငံသားဖြစ်မှုပြင်ဆင်ချက်ဥပဒေကြမ်း ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ ၃ နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများထဲမှ မွတ်ဆလင်ဘာသာဝင် မဟုတ်သူများအပေါ် သနားညှာတာထောက်ထားပေးမည့် အချက်များ ပါဝင်လျက်ရှိသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်အချို့တွင် ယင်းဥပဒေကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများမှတဆင့် အဓိကရုဏ်းများ ဖြစ်ပွားလျက်ရှိကာ အနည်းဆုံးလူပေါင်း ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိထားသည်။
နိုင်ငံသားဖြစ်မှုပြင်ဆင်ချက်ဥပဒေကြမ်းကို အိန္ဒိယနိုင်ငံ၏ အောက်လွှတ်တော်က အတည်ပြုထားပြီးပြီဖြစ်ကာ အထက်လွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်သဖြင့် ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာခြင်းဖြစ်သည်။
ဝေဖန်ဆန္ဒပြသူများက ယခုဥပဒေကြမ်းသည် မွတ်ဆလင်ဘာသာဝင်များကို ခွဲခြားဆက်ဆံသည့် ဥပဒေကြမ်းဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။
သို့သော် အာဏာရပါတီဖြစ်သော BJP ပါတီကမူ ဥပဒေကြမ်းသည် ဘာသာရေးအရဖိနှိပ်မှုများမှ ထွက်ပြေးလာသူများအတွက် ခိုလှုံရာဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသော်လည်း ယင်းဥပဒေကြမ်းသည် အထက်လွှတ်တော်တွင်လည်း BJP ပါတီ၏ ပြည်နယ်အသီးသီးမှ မဟာမိတ်ပါတီများ၏ ထောက်ခံမှုဖြင့် အတည်ပြုနိုင်ဖွယ်ရှိနေပြီး ထိုသို့အတည်ပြုလိုက်ပြီ ဆိုသည်နှင့် စတင်အသက်ဝင်တော့မည်ဖြစ်သည်။
ဝေဖန်ကန့်ကွက်သူများက နိုင်ငံသားဖြစ်မှုပြင်ဆင်ချက်ဥပဒေကြမ်းသည် မွတ်ဆလင်ဘာသာကို ချိုးနှိမ်ထားလိုသည့် BJP ပါတီလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု စွပ်စွဲလျက်ရှိပြီး အိန္ဒိယ၏ ဘာသာရေးလွှမ်းမိုးမှုမရှိရေးမူဝါဒကို ချိုးဖောက်လျက်ရှိသည်ဟု ဝေဖန်လျက်ရှိသည်။
" မွတ်ဆလင်တွေဟာ အခုလက်ရှိမှာတောင် ဖိနှိပ်ညှင်းဆဲခံနေရတာပါ။ ဒီလိုဥပဒေသာပြဋ္ဌာန်းလိုက်ရင် ပိုအားနည်းပြီး အကာအကွယ်မဲ့သွားတော့မှာ" ဟု ဒေလီတွင်ပြုလုပ်လျက်ရှိသော ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲနေသူတစ်ဦးက BBC သို့ ပြောကြားသည်။
ဥပဒေကြမ်းတွင် အဘယ်ကြောင့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့မှ မွတ်ဆလင်ဘာသာဝင် မဟုတ်သူများကိုသာ ရည်ညွှန်းဖော်ပြထားပြီး အခြားသောအိမ်နီးချင်းနိုင်ငံများမှ ဖိနှိပ်ခံနေရသော လူနည်းစုများ မပါဝင်ရသနည်း ဟုလည်း မေးခွန်းများထွက်ပေါ်လျက်ရှိသည်။
သီရိင်္လကာမှ လူနည်းစုလူမှုအသိုင်းအဝိုင်းမှ ရွှေ့ပြောင်းအခြေချသူများအတွက် အလားတူထောက်ထားညှာတာမှုမျိုး အဘယ်ကြောင့်မပါဝင်ရသနည်းဟု တမီးလ်ရုပ်ရှင်သရုပ်ဆောင်မှ နိုင်ငံရေးသမားဖြစ်လာသူ ကာမဲလ်ဟာဆန် က မေးခွန်းထုတ်သည်။
လွှတ်တော်အတွင်းတွင်လည်း အတိုက်အခံပါတီနှင့် နိုင်ငံရေးသမားများက ထိုကဲ့သို့ပင် မေးခွန်းထုတ်လျက်ရှိသည်။
ဥပဒေကြမ်းကိုအတည်ပြု၍ အသက်ဝင်ပြီဆိုပါက အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှ ပြည်နယ်များသို့ မွတ်ဆလင်ဘာသာဝင်မဟုတ်သော ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းနှင့်ဝင်ရောက်လာနိုင်သဖြင့် ယင်းပြည်နယ်များတွင် ဆန္ဒပြပွဲများ ပိုမိုအရှိန်မြင့်မားလျက်ရှိသည်။
နိုင်ငံသားဖြစ်မှုဥပဒေကြမ်းသည် နိုင်ငံသားအဖြစ် မှတ်ပုံတင်စာရင်းသွင်းရာတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ နိုင်ငံအတွင်းမှ နှင်ထုတ်ခံရခြင်း၊ သို့မဟုတ် ဖမ်းဆီးအကျဉ်းချခံရခြင်းများနှင့် ရင်ဆိုင်ရလျက်ရှိသော မူစလင်ဘာသာဝင်မဟုတ်သူများကို အကာအကွယ်ပေးရန်လည်း အကူအညီဖြစ်စေမည်ဖြစ်သည်။