- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံအဖြစ် တရုတ်ကို အိန္ဒိယကျော်တက်တော့မည်
လက်ရှိတွင် ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်သော တရုတ်နိုင်ငံအား အိန္ဒိယက လာမည့်သီတင်းပတ်တွင် ၁.၄၃ ဘီလျံရောက်ရှိပြီးနောက် ကျော်တက်တော့မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက ဧပြီလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
25 Apr 2023

လက်ရှိတွင် ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်သော တရုတ်နိုင်ငံအား အိန္ဒိယက လာမည့်သီတင်းပတ်တွင် ၁.၄၃ ဘီလျံရောက်ရှိပြီးနောက် ကျော်တက်တော့မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက ဧပြီလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ယခုလကုန်ပိုင်းတွင် အိန္ဒိယ၏ လူဦးရေသည် ၁,၄၂၅,၇၇၅,၈၅၀ သို့ရောက်ရှိပြီးနောက်တွင် တရုတ်ပြည်မကြီး၏ လူဦးရေကို ကျော်တက်သွားတော့မည်” ဟု ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာနက ပြောကြားသည်။
တရုတ်သည် လူဦးရေ ကျဆင်းလျက်ရှိပြီး ပြီးခဲ့သောနှစ်တွင် ၁.၄၂၆ ဘီလျံသို့ ရောက်ရှိခဲ့သည်။ တရုတ်သည် လူဦးရေ ပုံမှန်ကျဆင်းလျက်ရှိပြီး ယခုရာစုနှစ်အကုန်တွင် ၁ ဘီလျံအထိ ရောက်ရှိနိုင်ကြောင်း ကုလသမဂ္ဂ လေ့လာချက်များက ခန့်မှန်းထားသည်။ တရုတ်ကို တွက်ချက်ရာတွင် ပြည်မကြီးကိုသာ တွက်ချက်ခြင်းဖြစ်ပြီး ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မကာအိုတို့ကို ထည့်တွက်မထားပေ။
အခြားတစ်ဘက်တွင်မူ အိန္ဒိယလူဦးရေမှာ လာမည့်ဆယ်စုနှစ်များအတွင်း မြင့်တက်လာရန် သေချာသလောက်ရှိနေကြောင်း ကုလက ခန့်မှန်းသည်။ အိန္ဒိယလူဦးရေသည် ယခုရာစုနှစ် အလယ်ခန့်တွင် ၁.၅ ဘီလျံအထိ ရောက်ရှိနိုင်ပြီး အရေအတွက်မှာ အကြီးအကျယ် ပိုများ သို့မဟုတ် ပိုနည်းနေခြင်းမျိုးလည်း ရှိနိုင်ကြောင်း ကုလအရာရှိများက ခန့်မှန်းသည်။
တရုတ်ပြည်၏ ကလေးမွေးဖွားနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် အမျိုးသမီးတစ်ဦးလျှင် မွေးဖွားမှုကြိမ်ရေ ၁.၂ သာရှိသည်။ အိန္ဒိယတွင် ၂.၀ ရှိသည်။ တရုတ်သည် ၂၀၁၆ ခုနှစ်တွင် အဆုံးသတ်ခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ဦးနှုန်း မူဝါဒဒဏ်ကို အကြီးအကျယ် ခံစားနေရခြင်းဟု သတင်းများတွင် ဖော်ပြကြသည်။
နှစ်နိုင်ငံလုံးသည် သက်ကြီးဦးရေ ပိုမိုများပြားလာသည့် ပြဿနာကို ရင်ဆိုင်နေရပြီး တရုတ်အခြေအနေမှာ အိန္ဒိယထက် ပိုဆိုသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အိန္ဒိယသည်လည်း ၎င်း၏ အဆက်မပြတ် မြင့်တက်လာနေသော လူဦးရေအတွက် လျှပ်စစ်မီး၊ အစာရေစာ၊ နေအိမ်များ ထောက်ပံ့ရန် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ အိန္ဒိယမြို့ကြီးများတွင် သောက်သုံးရေ ပြတ်လပ်မှု၊ လေထုနှင့် ရေပြင် ညစ်ညမ်းမှုများ ရှိနေသလို ဆင်းရဲသားရပ်ကွက်များတွင် လူဦးရေ မတန်တဆပြည့်ကျပ်မှုများ ကြုံနေရသည်။ သန်းပေါင်းများစွာရှိသော အိန္ဒိယလူငယ်များအတွက် အလုပ်အကိုင်ရှားပါးမှု ပြဿနာလည်း ရှိနေသည်။
အခြားတစ်ဘက်တွင် တရုတ်မှာလည်း သက်ကြီးရွယ်အိုများ ပိုများလာပြီး ၎င်းတို့၏ အလုပ်နေရာများကို အစားထိုးရန် လူဦးရေလိုအပ်ချက်နှင့် ကြုံနေရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။