စီးပွားရေးပိတ်ဆို့မှုများကိုတန်ပြန်ရန် ရွှေ၊ ကုန်စည်ချင်းဖလှယ်သည့်စနစ်တို့ဖြင့် ကုန်သွယ်ရန် မွတ်ဆလင်နိုင်ငံများ စဉ်းစား

မွတ်ဆလင်နိုင်ငံများဖြစ်ကြသည့် အီရန်၊ မလေးရှား၊ တူရကီ နှင့် ကာတာတို့သည် အနာဂတ်တွင် ၎င်းတို့အပေါ်စီးပွားရေး အရေးယူပိတ်ဆို့မှုများကို တန်ပြန်သည့်အနေဖြင့် ရွှေ၊ ကုန်စည်ခြင်းဖလှယ်သည့် စနစ်တို့ကို အသုံးပြုကာ ကုန်သွယ်ရန် စဉ်းစားလျက်ရှိကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဒ် ကပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

By Foreign Desk 22 Dec 2019

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အစ္စလာမ္မစ်နိုင်ငံများညီလာခံတွင် မလေးရှားဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ - AFP)

မွတ်ဆလင်နိုင်ငံများဖြစ်ကြသည့် အီရန်၊ မလေးရှား၊ တူရကီ နှင့် ကာတာတို့သည် အနာဂတ်တွင် ၎င်းတို့အပေါ်စီးပွားရေး အရေးယူပိတ်ဆို့မှုများကို တန်ပြန်သည့်အနေဖြင့် ရွှေ၊ ကုန်စည်ခြင်းဖလှယ်သည့် စနစ်တို့ကို အသုံးပြုကာ ကုန်သွယ်ရန် စဉ်းစားလျက်ရှိကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဒ် ကပြောကြားခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အစ္စလာမ္မစ်နိုင်ငံများညီလာခံ၏ နောက်ဆုံးနေ့ဖြစ်သည့် စနေနေ့ (ဒီဇင်ဘာလ ၂၁) တွင် မလေးရှားဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မဟာသီယာက အီရန်နှင့် ကာတာနိုင်ငံတို့အား ကုန်သွယ်ရေးပိတ်ပင်တားဆီးမှုများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့သည့်အတွက် ချီးကျူးကြောင်းပြောကြားပြောကြားခဲ့ပြီး မွတ်ဆလင်ကမ္ဘာအနေဖြင့် အနာဂတ်ခြိမ်းခြောက်မှုများကိုရင်ဆိုင်နိုင်ရေး ကိုယ်တိုင်အမှီအခိုကင်းကင်း ရပ်တည်နိုင်ရန် အရေးကြီးကြောင်းလည်း ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်၏ မဟာမိတ်အာရပ်နိုင်ငံများဖြစ်သော ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်တို့သည် ကာတာနိုင်ငံနှင့် လွန်ခဲ့သော ၂ နှစ်ခွဲခန့်က သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်ရေးအဆက်အသွယ်များ ဖြတ်တောက်ခဲ့ကြသည်။ ကာတာနိုင်ငံသည် အကြမ်းဖက်မှုများကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသည်ဟူသော စွပ်စွဲမှုများကြောင့် ထိုသို့ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ကာတာနိုင်ငံဘက်မှမူ စွပ်စွဲမှုများကို ငြင်းဆန်ခဲ့သည်။ ထို့အတူ အီရန်နိုင်ငံသည်လည်း အမေရိကန်ပြည်ထောင်စုက ပြီးခဲ့သောနှစ်အတွင်းတွင် ၎င်းတို့အပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ်လိုက်သည့် ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။

မွတ်ဆလင်နိုင်ငံများအနေဖြင့် ရွှေ၊ ကုန်စည်ချင်းဖလှည်သည့် စနစ်တို့ဖြင့် ကုန်သွယ်ရန် အလေးအနက်စဉ်းစားလျက်ရှိပြီး ထိုသို့လုပ်ဆောင်နိုင်မည့် စနစ်တစ်ရပ်ကို ရှာတွေ့လိမ့်မည်ဟု မျှော်လင့်ထားကြောင်း မဟာသီယာက ပြောကြားခဲ့သည်။

ညီလာခံသို့တက်ရောက်လာသော မွတ်ဆလင်နိုင်ငံများမှ ခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံအချင်းချင်းကြား စီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်နှင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ငွေကြေးများဖြင့်ကုန်သွယ်ရန် လိုအပ်ကြောင်း သဘောတူညီခဲ့ကြသည်။

သို့ရာတွင် အဆိုပါညီလာခံသည် ဆော်ဒီအခြေစိုက် အစ္စလာမစ်ကော်ပိုရေးရှင်းအဖွဲ့အစည်း(OIC)ကို အင်အားယုတ်လျော့စေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သော ယင်းညီလာခံသို့ OIC အဖွဲ့ဝင် မွတ်ဆလင်နိုင်ငံ ၅၇ နိုင်ငံစလုံးကို ဖိတ်ကြားခဲ့သည်ဟု မလေးရှားကပြောကြာခဲ့သော်လည်း ဆော်ဒီအပါအဝင် OIC အဖွဲ့ဝင်နိုင်ငံအများအပြား မလာရောက်ခဲ့ဘဲ နိုင်ငံ ၂၀ သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။