မွတ်ဆလင်ထိန်းသိမ်းရေးစခန်းများအကြောင်း သတင်းပေါက်ကြားပြီးနောက် ကုလဝင်ရောက်စစ်ဆေးမှုကို လက်ခံရန် တရုတ်အား ဗြိတိန်တောင်းဆို

တရုတ်နိုင်ငံရှိ လုံခြုံရေးတင်းကျပ်လှသော ထိန်းသိမ်းရေးစခန်းများတွင် မွတ်ဆလင်များမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း အထောက်အထားများ ပေါက်ကြားခဲ့ပြီးနောက်တွင် ဗြိတိန်က ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

By Foreign Desk 27 Nov 2019

တရုတ်အစိုးရကမူ ယင်းစခန်းများသည် မိမိသဘောဆန္ဒအလျောက် ပညာပေးမှုခံယူသူများအတွက်သာ ဖြစ်သည်ဟု ပြောကြားထားသည်။ (ဓာတ်ပုံ - BBC)

တရုတ်နိုင်ငံအတွင်းသို့ ကုလသမဂ္ဂကို ချက်ချင်း အတားအဆီးမရှိ ဝင်ရောက်စစ်ဆေးခွင့်ပြုရန် တရုတ်နိုင်ငံအား ဗြိတိန်က တောင်းဆိုလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ လုံခြုံရေးတင်းကျပ်လှသော ထိန်းသိမ်းရေးစခန်းများတွင် မွတ်ဆလင်များမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း အထောက်အထားများ ပေါက်ကြားခဲ့ပြီးနောက်တွင် ဗြိတိန်က ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

BBC Panorama ကရရှိခဲ့သော တရားဝင်စာရွက်စာတမ်းများအရ တရုတ်နိုင်ငံ၊ ရှင်ကျန်းရှိ ထိန်းသိမ်းရေးစခန်းများတွင် မွတ်ဆလင်များသည် ပိတ်လှောင်ခံရခြင်း၊ အယူဝါဒ အတင်းသွတ်သွင်းခံရခြင်း၊ နှိပ်စက်အပြစ်ပေးခံရခြင်းများ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

တရုတ်နိုင်ငံ၏ ဗြိတိန်ဆိုင်ရာသံအမတ်ကမူ ထိုပေါက်ကြားလာသော အထောက်အထားများကို သတင်းအတုများသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါပေါက်ကြားမှုသည် ဗြိတိန်မှ BBC Panorama နှင့် Guardian အပါအဝင် မီဒီယာများနှင့် လက်တွဲလုပ်ကိုင်လျက်ရှိ သော International Consortium of Investigative Journalists (ICIJ) ထံမှတစ်ဆင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုစုံစမ်းထောက်လှမ်းမှုမှ တွေ့ရှိရသော အထောက်အထားအသစ်များအရ ရှင်ကျန်းပြည်နယ်တဝန်းတွင် ပြီးခဲ့သော ၃ နှစ် အတွင်းတည်ဆောက်ခဲ့သည့် ထိန်းသိမ်းရေးစခန်းများသည် တရုတ်အစိုးရ ထုတ်ပြန်ထားသကဲ့သို့ အစွန်းရောက်မှုကို ဆန့်ကျင်ရန်ရည်ရွယ်ချက်ဖြင့် မိမိသဘောဆန္ဒအလျောက် ပြန်လည်ပညာပေးမှု ခံယူလိုသူများအတွက် မဟုတ်ကြောင်း တွေ့ရှိထားရသည်။

"ကျွန်တော်တို့အနေနဲ့ ရှင်ကျန်းဒေသရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ တရုတ်အစိုးရရဲ့ အရှိန်မြှင့်နှိမ်နင်းမှုတွေ၊ အထူးသဖြင့် သန်းနဲ့ချီတဲ့ အူဂါမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုမျိုးနွယ်ဝင် တိုင်းရင်းသားတွေအပေါ် ပြုမူပုံတွေနဲ့ပတ်သက်ပြီး တကယ့်ကို စိုးရိမ်ပူပန်နေပါတယ် " ဟု နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

အဆိုပါဒေသကို ကုလသမဂ္ဂဝင်ရောက်စစ်ဆေးခွင့် ရရန်အတွက် ဗြိတိန်က ဆက်လက်တောင်းဆိုသွားမည်ဟုလည်း အဆိုပါပုဂ္ဂိုလ်က ပြောကြားသည်။

ICIJ ထံပေါက်ကြားလာသော တရားဝင်စာရွက်စာတမ်းများအရ ရှင်ကျန်းရှိထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းခံထား ရသူများသည် အလွန်တရာတင်းကျပ်လှသည့် စည်းကမ်းများနှင့် အပြစ်ပေးမှုများ၊ ဆိုးရွားလှသော အခြေအနေများနှင့် လွတ်မြောက်လမ်းမရှိသော အခြေအနေများတွင် နေထိုင်နေရကြောင်း တွေ့ရှိရသည်။

ယခုပေါက်ကြားလာသော အထောက်အထားများမှာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် စွဲချက်တင်နိုင်သော အထောက်အထားများဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ တရုတ်နိုင်ငံဆိုင်ရာဒါရိုက်တာ ဆိုဖီရစ်ချတ်ဆင် က ပြောကြားထားသည်။

ရှင်ကျန်းထိန်းသိမ်းရေးစခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေကြောင်း ယခင်ကတည်းက သတင်းများ ထွက်ပေါ်လျက်ရှိကာ ယခုအခါတွင် ခိုင်မာသောအထောက်အထားများ ထပ်မံပေါက်ကြားလာခြင်းဖြစ်သည်။