ကာဇက်စတန်ဆန္ဒပြမှုများအတွင်း ဖမ်းဆီးခံရသူ ၈၀၀၀ နီးပါးရှိ

ကာဇက်စတန်နိုင်ငံတွင် ပြီးခဲ့သောသီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သူစုစုပေါင်း ၈၀၀၀ နီးပါးရှိကြောင်း အာဏာပိုင်များက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

17 Jan 2022

ဓာတ်ပုံ - AP

DMG ၊ ဇန်နဝါရီ ၁၇

ကာဇက်စတန်နိုင်ငံတွင် ပြီးခဲ့သောသီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သူစုစုပေါင်း ၈၀၀၀ နီးပါးရှိကြောင်း အာဏာပိုင်များက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

အကြမ်းဖက်မှု ပုံစံအဖြစ် အသွင်ပြောင်းသွားသည့် အဆိုပါဆန္ဒပြမှုများသည် ဆိုဗီယက်ပြည်ထောင်စုမှ လွတ်လပ်ရေးရလာသည့် ကာဇက်စတန်တွင် ဖြစ်ပေါ်ခဲ့သည့် အဆိုးဆုံး မငြိမ်သက်မှုဖြစ်ကြောင်းလည်း ကာဇက်စတန်အာဏာပိုင်များက ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့်အတူ ပေါ်ထွက်ခဲ့သည့် ဆန္ဒပြမှုများသည် ကနဦးတွင် ငြိမ်းချမ်းစွာရှိနေခဲ့သော်လည်း နောက်ပိုင်း၌ အကြမ်းဖက်မှုအသွင် ပြောင်းသွားခဲ့သည်။

ကာဇက်စတန်သမ္မတ ကာဆင်ဂျိုမက်တိုကာယက်ဗ်က အဆိုပါဖြစ်စဉ်အား “အကြမ်းဖက်ရန်လိုမှု” အဖြစ် သတ်မှတ်ပြောဆိုလိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အာဏာပိုင်များက ပစ်မှတ်ထားနှိမ်နင်းခဲ့သည်ဟူသည့် သတင်းဖော်ပြချက်များကိုလည်း “သတင်းမှား” ဟု ပြောဆိုခဲ့သည်။

ဆန္ဒပြမှုများအတွင်း ကလေးငယ်သုံးဦးအပါအဝင် စုစုပေါင်းသေဆုံးသူ ၁၆၄ ဦးအထိရှိခဲ့ကြောင်း ကာဇက်စတန် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သူ စုစုပေါင်း ရ၉၃၉ ဦးရှိကြောင်း ကာဇက်စတန် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ လက်ရှိတွင် အခြေအနေသည် တည်ငြိမ်နေပြီး ထိန်းသိမ်းထားနိုင်ပြီဟု နိုင်ငံတော်လုံခြုံရေးကော်မတီက တနင်္လာနေ့တွင် ပြောကြားသည်။

ကာဇက်စတန်တွင် စက်သုံးဆီဈေးနှုန်းများ ၂ ဆနီးပါး မြင့်တက်သွားခဲ့ပြီးနောက် ဇန်နဝါရီလ ၂ ရက်နေ့၌ ဆန္ဒပြမှုများ ပေါ်ထွက်ခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများသည် တစ်နိုင်ငံလုံး အလျင်အမြန် ပျံ့နှံ့သွားပြီးနောက် ဆန္ဒဖော်ထုတ်သူများသည် နိုင်ငံ၏ အာဏာရှင်အစိုးရအပေါ် မကျေနပ်မှုများကို ဖော်ပြသည့် နိုင်ငံရေးတောင်းဆိုချက်များပါ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

နောက်ပိုင်းရက်များ၌ ဆန္ဒပြမှုများသည် အကြမ်းဖက်မှုအသွင် ပြောင်းသွားပြီး မြို့တော်ခန်းမကို မီးရှို့မှု၊ လေဆိပ်ကို ယာယီဝင်စီးမှုများအထိ ရှိခဲ့ပြီး မြို့တွင်းလမ်းများတွင်လည်း သေနတ်ပစ်ခတ်မှုများ ရှိခဲ့သည်။

အာဏာပိုင်များသည် ကာဇက်စတန်နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ရုရှားဦးဆောင်သည့် ယခင်ဆိုဗီယက်ပြည်နယ်ခြောက်ခု စုပေါင်းထားသော လက်နက်ကိုင်အုပ်စု “ပေါင်းစုလုံခြုံရေးစာချုပ်အဖွဲ့” ကို အကူအညီတောင်းခံပြီး နိုင်ငံအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းပေးရန် ခေါ်ယူခဲ့သည်။

သမ္မတတိုကာယက်ဗ်က ဆန္ဒပြမှုများသည် ပြည်ပအုပ်စုများက ထောက်ပံ့ထားသည့် “အကြမ်းဖက်သမားများ” ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ကာ အကြမ်းဖက်မှုတွင် ပါဝင်သည့် “အကြမ်းဖက်သမားများ” အား အသေပစ်သတ်ရန် ရဲနှင့်စစ်တပ်ကို အမိန့်ပေးထားကြောင်း ပြီးခဲ့သောသောကြာနေ့က ပြောကြားခဲ့သည်။