ဆန္ဒပြပွဲများ နှစ်ပတ်ကြာဖြစ်ပွားပြီးနောက် လက်ဘနွန်ဝန်ကြီးချုပ် နုတ်ထွက်

လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးအကျင့်ပျက် ခြစားမှုများနှင့် စီးပွားရေးယိုယွင်းမှုများအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများ ၁၃ ရက်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဆာ့ဒ်ဟာရီရီသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည်။

By Foreign Desk 30 Oct 2019

လက်ဘနွန်ဝန်ကြီးချုပ် ဆာ့ဒ်ဟာရီရီ / ဓာတ်ပုံ - Reuters

လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးအကျင့်ပျက် ခြစားမှုများနှင့် စီးပွားရေးယိုယွင်းမှုများအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများ ၁၃ ရက်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဆာ့ဒ်ဟာရီရီသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည်။

ဆန္ဒဖော်ထုတ်နေသူများ၏ သပိတ်စခန်းများအား ရှီးယိုက်မူဆလင်အုပ်စုနှစ်စုက ဝင်ရောက်တိုက်ခိုက်မှုကြောင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် အင်္ဂါနေ့တွင် ဝန်ကြီးချုပ်၏ နုတ်ထွက်ကြောင်း ရုပ်မြင်သံကြားမိန့်ခွန်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်သူလူတန်းစားအား ကန့်ကွက်ဆန္ဒဖော်ထုတ်နေမှုများအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားသည့် မိမိ၏ အားထုတ်မှုများသည် လမ်းဆုံးသွားပြီဖြစ်သဖြင့် မိမိအနေဖြင့် နုတ်ထွက်ရန်မှတပါး အခြားမရှိတော့ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ လက်ဘနွန်နိုင်ငံ၏ အခြေအနေသည် လမ်းဆုံးသို့ ရောက်နေပြီး အပြောင်းအလဲတစ်ခု လိုအပ်နေပြီဖြစ်ကြောင်း ဟာရီရီက သူ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ ၎င်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့အားလည်း ဖျက်သိမ်းလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဆန္ဒဖော်ထုတ်နေသူများအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း ဘေရုမြို့လယ်ရှိ သပိတ်စခန်းများအား မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သည့် ရှီးယိုက်မူဆလင် အုပ်စုနှစ်စုသည် ဟက်ဇဘိုလာခေါင်းဆောင် နာဆရာလာအား ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြသည်။ နာဆရာလာသည် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် သြဇာကြီးသူ တစ်ဦးဖြစ်ပြီး ရှီးယိုက်နိုင်ငံရေးပါတီ အာမဲလ်၏ ခေါင်းဆောင်လည်းဖြစ်သည်။

ဆန္ဒဖော်ထုတ်နေသူများအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း ဘေရုမြို့လယ်ရှိ သပိတ်စခန်းများအား မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သည့် ရှီးယိုက်မူဆလင် အုပ်စုနှစ်စုသည် ဟက်ဇဘိုလာခေါင်းဆောင် နာဆရာလာအား ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြသည်။ / ဓာတ်ပုံ - Reuters

ဘေရုလမ်းမများပေါ်၌ ဖြစ်ပေါ်နေသော လက်ရှိ ပဋိပက္ခသည် ၂၀၀၈ ခုနှစ်က ဟက်ဇဘိုလာတိုက်ခိုက်ရေးသမားများ မြို့တော်ကို ထိန်းချုပ်မှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်သည်။

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခဲ့ကြသည်။

မစ္စတာဟာရီရီ၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက်တွင် ဆန္ဒပြသူများသည် လမ်းမများပေါ်ထွက်၍ အောင်ပွဲခံခဲ့ကြကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဟာရီရီသည် အနောက်အုပ်စုများနှင့် ဆူနီအာရပ်တို့ ကျောထောက်နောက်ခံ ပေးထားသူဖြစ်သည်။ ဟာရီရီ၏ နုတ်ထွက်မှုကြောင့် လက်ဘနွန်၏ နိုင်ငံရေးအခြေအနေမှာ ခန့်မှန်းမရနိုင်သော အနေအထားသို့ ရောက်နေပြီဖြစ်သည်။ လက်ဘနွန်၏ နဂိုတည်းက ဆိုးဝါးလျက်ရှိသော စီးပွားရေး အကျပ်အတည်းသည်လည်း ဆန္ဒပြမှုများကြောင့် ပိုဆိုးသွားပြီဖြစ်သည်။

နှစ်ပတ်ကြာဆန္ဒပြမှုများအတွင်း တက္ကသိုလ်များနှင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ပြီး ဘဏ်များနှင့် ရုံးများလည်း လုပ်ငန်းရပ်ဆိုင်းခဲ့ရသည်။