မြန်မာ့အရေး နိုင်ငံရေးအကျပ်အတည်း ပုံစံမှသည် ဘက်ပေါင်းစုံ လူ့အခွင့်အရေးပျက်သုဉ်းမှုဆီ ဦးတည်နေ

မြန်မာ့အရေးသည် ဖေဖော်ဝါရီလ အစောပိုင်းတွင် နိုင်ငံရေး အကျပ်အတည်းပုံစံအဖြစ် ရှိနေခဲ့ရာမှ ယခုအခါ ဘက်ပေါင်းစုံ လူ့အခွင့်အရေး ပျက်သုဉ်းရမှုအဖြစ် အသွင်ပြောင်းလာနေကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက သတိပေးလိုက်သည်။

By Foreign Desk 08 Jul 2021

ဓာတ်ပုံ - UN News

DMG ၊ ဇူလိုင် ၈

မြန်မာ့အရေးသည် ဖေဖော်ဝါရီလ အစောပိုင်းတွင် နိုင်ငံရေး အကျပ်အတည်းပုံစံအဖြစ် ရှိနေခဲ့ရာမှ ယခုအခါ ဘက်ပေါင်းစုံ လူ့အခွင့်အရေး ပျက်သုဉ်းရမှုအဖြစ် အသွင်ပြောင်းလာနေကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက သတိပေးလိုက်သည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၄၇ ကြိမ်မြောက် ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲဘက်ရှ်လက်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်တပ်၏ အရပ်သားလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စနစ်တကျ တိုက်ခိုက်မှုများသည် ပိုမိုများပြားလာနေသည်ဟုလည်း မဟာမင်းကြီးက သတိပေးသည်။

“နိုင်ငံတစ်ဝန်း မြင့်တွေ့နေရတဲ့ ထိခိုက်နာကြင်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံကျရှုံးမှု ဒါမှမဟုတ် ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ဆီ နိုင်ငံဦးတည်နေတဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ အလားအလာတွေ ဖြစ်ပါတယ်” ဟု သူမက ပြောကြားသည်။

ဖေဖော်ဝါရီလ နောက်ပိုင်း အဖြစ်အပျက်များသည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးတို့အတွက် ကျယ်ပြန့်ပြင်းထန်သည့် အကျိုးသက်ရောက်မှု ရှိသည်ဟု သူမက ဆိုသည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၌ မွတ်ဆလင်အရေးတွင် မဖြေရှင်းပေးနိုင်ဘဲ အရေးနိမ့်ခဲ့ရပြီးဖြစ်သဖြင့် ထိုကဲ့သို့ အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်သင့်ကြောင်း မဟာမင်းကြီးက ပြောသည်။

မြန်မာစစ်တပ်အနေဖြင့် လူထုအပေါ် နှိပ်ကွပ်မှုများကို ရပ်တန့်ပြီး ပြည်သူ့သဘောဆန္ဒအတိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည်လာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း ရပ်တည်ပြီး မြန်မာစစ်တပ်ကို ဖိအားပေးကြရန် မဟာမင်းကြီးမီရှဲဘက်ရှ်လက်က တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာရယူခဲ့သည့် ဖေဖော်ဝါရီလမှ လက်ရှိအချိန်အထိ သတ်ဖြတ်ခံရသူ စုစုပေါင်း ၉၀၀ နီးပါး ရှိကာ ကျေးရွာများအတွင်း မြန်မာစစ်တပ်၏ ဝင်ရောက်စီးနင်းမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၂ သိန်းနီးပါး ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း ၅၀၉၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဇူလိုင်လ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။