အိန္ဒိယ၏ ထင်ယောင်ထင်မှား စစ်ဘက်ဆိုင်ရာ သံတမန်ဆက်ဆံရေး

အိန္ဒိယသည် စစ်ဘက်ဆိုင်ရာ သံတမန်ဆက်ဆံရေးကို အထူးကျင့်သုံးသည်။ ဤနည်းလမ်းဖြင့် ချိတ်ဆက်ထားသည့် နိုင်ငံပေါင်း ၈၅ နိုင်ငံခန့်ရှိသည်။ ဤမျှများပြားသော အရေအတွက်ကို အင်အားကြီးနိုင်ငံများမှလွဲ၍ အခြားနိုင်ငံများ ယှဉ်နိုင်ရန် မလွယ်ကူလှပေ။

By အောင်မိုး 12 Jan 2021

(ဓာတ်ပုံ - AFP)

အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး မာနော့ မူကန် နာရာဗင်း မကြာသေးမီကာလများက သွားရောက်ခဲ့သည့် ယူအေအီးနှင့် ဆော်ဒီအာရေဗျ ခရီးစဉ်များသည် လေ့လာသူများအကြားတွင် ရဲရင့်သော စစ်ဘက်ဆိုင်ရာ သံတမန်ခြေလှမ်းသစ်အဖြစ် စိတ်လှုပ်ရှားဖွယ်ရာဖြစ်နေသည်။

လူအထင်ကြီးစရာ အာဘောင်ရင်းသန်သန်ဖြင့် စစ်ဘက်ဆိုင်ရာ သံတမန်ဆက်ဆံရေးမျိုးသည် အများအားဖြင့် အမေရိကန်တို့ထံမှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ဤသတင်းများ ပြန့်ပွားလာချိန်မျိုး၌ ရှင်းရှင်းလင်းလင်း ရုပ်လုံးပေါ်လေ့ မရှိပေ။

စစ်ဘက်ဆိုင်ရာ သံတမန်ဆက်ဆံရေးကို လက်နက်ပြနိုင်ငံရေး၊ နိုင်ထက်စီးနင်းနိုင်ငံရေး တို့ဖြင့် မရောထွေးမိဖို့တော့ လိုအပ်သည်။ ခေတ်ဟောင်း အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်တွင်ဆိုလျှင် စစ်ဘက်ဆိုင်ရာ သံတမန်ဆက်ဆံရေးကို အောက်တွင်ဖော်ပြထားသော ကိစ္စရပ်များပါဝင်သည့် အခြေခံလုပ်ဆောင်ချက်များဟု ဖော်ပြထားသည်။

- လက်ခံသည့်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရယူစိစစ်ခြင်း
- ပေးသူနှင့် ရယူသူနိုင်ငံများ၏ လက်နက်ကိုင်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ရေးနှင့် အပြန်အလှန်ဆက်ဆံရေး တို့ကို မြှင့်တင်ခြင်း
- ကာကွယ်ရေးအာဏာပိုင် ကိုယ်စားလှယ်တို့၏ လေ့လာရေး လုပ်ငန်းခရီးစဉ်များကို စီစဉ်ခြင်း
- လက်နက်နှင့် စစ်ဘက်ဆိုင်ရာ အသုံးပစ္စည်းများ၏ စီးပွားရေးကန်ထရိုက်များကို အထောက်အကူပေးခြင်းနှင့်
- လက်ခံနိုင်ငံ၏ အုပ်ချုပ်ရေးဆိုင်ရာအခမ်းအနားများနှင့် အခြား အခမ်းအနားများတွင် ကိုယ်စားပြုတက်ရောက်ခြင်း

အိန္ဒိယသည် စစ်ဘက်ဆိုင်ရာ သံတမန်ဆက်ဆံရေးကို အထူးကျင့်သုံးသည်။ ဤနည်းလမ်းဖြင့် ချိတ်ဆက်ထားသည့် နိုင်ငံပေါင်း ၈၅ နိုင်ငံခန့်ရှိသည်။ ဤမျှများပြားသော အရေအတွက်ကို အင်အားကြီးနိုင်ငံများမှလွဲ၍ အခြားနိုင်ငံများ ယှဉ်နိုင်ရန် မလွယ်ကူလှပေ။

အိန္ဒိယသည် ပြည်ပသံရုံးများရှိ ကာကွယ်ရေးဆိုင်ရာ လူထုဆောင်ရွက်ချက်ကဏ္ဍတွင်လည်း ရာထူးနေရာများ လျာထားလျက်ရှိသည်။ အစိုးရသည် ကာကွယ်ရေးဆိုင်ရာ သံမှူးများ၏ နိုင်ငံဂုဏ်ရောင် မြှင့်တင်သည့်လုပ်ရပ်များအတွက် ရန်ပုံငွေများကိုလည်း ရက်ရောစွာဖြင့်ပင် ချထားပေးသည်။

အိန္ဒိယသည် ဤစက်ဝန်းကို ဖန်တီးပေးနေရန် မလိုအပ်သည်ကတော့ သေချာသည်။ တစ်ဘက်က လိုလားပုံမပေါ်ပါက (ဥပမာ - နိုင်ငံ၏ မစို့မပို့ စစ်လက်နက်ထုတ်ကုန်များကို) အဘယ်ကြောင့်ဟူသည်ကို ဆန်းစစ်ရတော့မည် ဖြစ်သည်။
ထို့အတွက်ကြောင့်ပင် ဗိုလ်မှူးကြီးနာရာဗင်း၏ အာရပ်ပင်လယ်ကွေ့ ခရီးစဉ်များသည်လည်း အဘယ်ကြောင့် အသံထွက်လာရသည်ကို စဉ်းစားလာရခြင်းဖြစ်သည်။

အိန္ဒိယသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက် လုံခြုံရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိနေသည်ကိုတော့ သံသယဖြစ်စရာ မလိုပေ။ ယူအေအီးနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံလုံးနှင့် အကျိုးဖြစ်ထွန်းသည့် ဆက်ဆံရေးတစ်ရပ်အား နိုင်ငံတော်လုံခြုံရေးအကြံပေး အာဂျစ်ဒိုဗားတစ်ယောက် ကျွမ်းကျင်ပိုင်နိုင်စွာ စွမ်းဆောင်ထားသည်။

သတင်းအချက်အလက်များ မျှဝေခြင်း၊ အကြမ်းဖက်လုပ်ရပ်များအား တားဆီးရန် အချိန်ကိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာဇဝတ်သားများ လွှဲပြောင်းခြင်း စသည်တို့မှာ ဦးစားပေးကိစ္စရပ်များ ဖြစ်သည်။ အိန္ဒိယရေတပ်သည် အာရေဗီယံပင်လယ်တွင်း ဓားပြများအား တိုက်ထုတ်ရေးတွင် အဓိကဦးဆောင်သူ ဖြစ်သင့်သည်မှာ သေချာသည်။

သို့စေကာမူ အိန္ဒိယအနေဖြင့် ပင်လယ်ကွေ့နိုင်ငံများ၏ လုံခြုံရေးကို အာမခံပေးနိုင်သည့် နေရာသို့ မမျှော်မှန်းသင့်ပေ။ ယူအေအီး၊ ဆော်ဒီ၊ ဘာရိန်း၊ ကာတာ၊ အိုမန်တို့သည် သူတို့၏ လုံခြုံရေးအတွက် အနောက်၏အင်အားကို မှီခိုလျက်ရှိကြသည်။ ဤမှီခိုမှုသည် သူတို့၏ အာဏာရှင်စနစ် တည်မြဲရေးအတွက်လည်း အခရာကျသည်။

ဤအချက်သည် ရေနံဒေါ်လာ လမ်းကြောင်း အဆင်ချောနေသရွေ့ နှစ်ဘက်လုံးအတွက် အကျိုးရှိစေသည့် အစီအစဉ်လည်း ဖြစ်သည်။ ဤအနေအထားမှ အမေရိကန်နှင့် ယူကေတို့ ကျဆင်းသွားစရာ အကြောင်းမရှိပေ။

သမိုင်းကြောင်းအားဖြင့် ၁၉၁၈ နှင့် ၁၉၃၉ ခုနှစ်များအကြားတွင် ဗြိတိသျှစစ်တပ်သည် အီရတ်၊ ဆူဒန်၊ ပါလက်စတိုင်းနှင့် အာဒင်တို့တွင် တိုက်ခိုက်မှုများ ရှိနေပြီဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်းနှစ်များတွင်လည်း အီရီထရီးယား၊ ပါလက်စတိုင်း၊ အီဂျစ်နှင့် အိုမန်တို့တွင် ရှိနေခဲ့ပြီဖြစ်သည်။

အိုမန်တွင်ဖြစ်ခဲ့သည့် ဒိုဖာစစ်ပွဲတွင် ဗြိတိန်က ငွေကြေးထောက်ပံ့ကာ နန်းတင်ပေးလိုက်သည့် လူမဆန်သည့် အာဏာရှင်အား တော်လှန်နေသော သူပုန်များသည် ရက်ရက်စက်စက် နှိမ်နင်းခံခဲ့ရသည်။ ဗြိတိသျှဦးဆောင်သည့် တပ်ဖွဲ့များသည် ရေတွင်းများကို အဆိပ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ကောက်ပဲသီးနှံများအား ဖျက်ဆီးခြင်း၊ မွေးမြူရေးတိရစ္ဆာန်များအား ပစ်သတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

သူပုန်များကို စစ်ဆေးရာတွင်လည်း ဗြိတိသျှတို့သည် နှိပ်စက်ညှဉ်းပမ်းမှုများကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အရပ်သားများဖြင့် ပြည့်နှက်နေသော ဒေသတစ်ခုလုံးသည် စိတ်ကြိုက်ပစ်ခတ်ခွင့်ရှိသည့် ဧရိယာအဖြစ်သို့ အသွင်ပြောင်းသွားခဲ့ရသည်။ သို့သော်လည်း ဗြိတိန်သည် ဤစစ်ပွဲအား လျှို့ဝှက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အချက်အလက်များ ထုတ်ပြန်ရန်လည်း ငြင်းဆန်ထားသည်။

ထိုကာလသည် ဖွံ့ဖြိုးသောကမ္ဘာကြီးနှင့် ကုလသမဂ္ဂတို့က ကိုလိုနီနယ်ချဲ့စနစ်ကို ငြင်းပယ်ထားသောကာလ ဖြစ်သလို အာရပ်တို့၏ အမျိုးသားရေးဝါဒလည်း ဆယ်စုနှစ်များစွာ ကြီးထွားလာသောကာလ ဖြစ်သည်။ မဟာဗျူဟာအရဆိုလျှင် အောင်နိုင်သူများသည် ဟော်မုရေလက်ကြားနှင့် ရေနံစီးဆင်းမှုကို ထိန်းချုပ်နိုင်မည် ဖြစ်သဖြင့် ဒိုဖာစစ်ပွဲသည် ၂၀ ရာစု၏ အရေးအပါအဆုံး ပဋိပက္ခများထဲမှ တစ်ခုဖြစ်သည်။ လူထောင်ချီ သေကြေခဲ့ရပြီး ဗြိတိသျှတို့အနိုင်ရကာ အနောက်၏ မီးမောင်းကြီးသည်လည်း ဆက်လက်ထွန်းလင်းနိုင်ခဲ့သည်။

အနောက်တို့သည် အရှေ့အလယ်ပိုင်းတွင် ကြားဝင်စွက်ဖက်ရသည့် အရသာကို ယခုတိုင် ခံတွင်းတွေ့နေကြဆဲ ဖြစ်သည်။ ၂၀၀၁ တွင် အာဖဂန်နစ္စတန်၊ ၂၀၀၃ တွင် အီရတ်၊ ၂၀၁၁ တွင် လစ်ဗျားတို့ အပါအဝင် ယခုလည်း ဆီးရီးယားနှင့် ယီမင်တို့တွင် စစ်ပွဲများရှိနေဆဲ ဖြစ်သည်။ ဤကဲ့သို့သော စစ်ဘက်ဆိုင်ရာ သံခင်းတမန်ခင်းမျိုးကတော့ အိန္ဒိယ၏အကြိုက် မဟုတ်သည်မှာ သေချာသည်။

လွန်ခဲ့သောဆယ်နှစ်ကဆိုလျှင် အဘူဒါဘီ အိမ်ရှေ့မင်းသားသည် ပြည်တွင်းတော်လှန်ရေးကို တိုက်ဖျက်ရန်၊ အထူးစစ်ဆင်ရေးများ ဆောင်ရွက်ရန်၊ ရေနံပိုက်လိုင်းများနှင့် မိုးမျှော်အဆောက်အအုံများ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် အမေရိကန် လုံခြုံရေးကုမ္ပဏီအား ဒေါ်လာ ၅၂၉ သန်းဖြင့် ငှားရမ်းခဲ့သည်။

လိုရင်းပြောရလျှင် အိန္ဒိယသည် ပင်လယ်ကွေ့ဒေသတွင် လုံခြုံရေးထောက်ပံ့နိုင်သည့် အနေအထား မရှိပေ။ ဆော်ဒီ-ပါကစ္စတန် ဆက်ဆံရေးက အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းလာနိုင်မည့်ပုံ ပေါ်ကောင်းပေါ်မည် ဖြစ်သော်လည်း ဆော်ဒီအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် ဆိုလျှင် မွတ်ဆလင်နိုင်ငံများကိုသာ လိုလားမည်ဖြစ်သည်။

အကောင်းဆုံးအနေအထားကို ပြောရမည်ဆိုလျှင် အိန္ဒိယသည် ပင်လယ်ကွေ့ဒေသတွင်း လုံခြုံရေးအစီအမံအတွင်း ရုရှားက အဆိုပြုထားသည့် စီမံချက်ကိုသာ ထောက်ကူပေးသင့်သည်။
သို့သော် အိန္ဒိယသည် ထိုအစား ထိုဒေသရှိ အနောက်အုပ်စုဗျူဟာထဲက အရာရှိငယ် နေရာကို ရွေးချယ်ခဲ့သည်။

ဤအချက်သည် အိန္ဒိယကို မဝေးသောအနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှုများ မြင်လာရနိုင်ခြေ ရှိနေသည့် ဒေသရှိ အဆင့်မြင့်စားပွဲဝိုင်း၏ ပြင်ပသို့ ရောက်ရှိသွားစေနိုင်သည်။ သမ္မတသစ်ဂျိုးဘိုင်ဒန်အနေဖြင့် ထိုဒေသအတွင်း တင်းမာမှုများ လျှော့ချရေး၊ အီရန်နှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ခြေ များသောကြောင့်ဖြစ်သည်။

အိန္ဒိယအနေဖြင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ပြီး ပင်လယ်ကွေ့ဒေသတွင်း စစ်ဘက်ဆိုင်ရာ သံမန်ဆက်ဆံရေးကို အဓိကဆောင်ရွက်ရန်သာ ပြောရတော့မည်ဖြစ်သည်။ သို့ဆိုပြန်လျှင်လည်း အိန္ဒိယဘက်က အဆင့်မီ ထိပ်တန်းလက်နက်များ ရောင်းချနိုင်ရမည် ဖြစ်သည်။ ရှိတ်စော်ဘွားများက အကောင်းဆုံးကိုသာ အာရုံကျမည်ဖြစ်သည်။

ဒုတိယအားဖြင့် ပင်လယ်ကွေ့ဒေသသည် အပြိုင်အဆိုင်များပြီး အမေရိကန်က သူ၏ အသာစီးရမှုကို ကိုင်စွဲထားလိုသည်။ ပင်လယ်ကွေ့နိုင်ငံများသည် အပြန်အလှန်မှီခိုမှု ဖန်တီးရန်အတွက် သူတို့၏ တစ်လုံးတစ်ခဲတည်း လက်နက်ဝယ်ယူမှုကို အမေရိကန်နှင့် ဥရောပနိုင်ငံများထံမှသာ အဓိကအားထားကြသည်။

တတိယအချက်မှာ ကြီးမားသောအပြောင်းအလဲများ ရှိနေသည့် ဒေသတွင် ဗျူဟာချမှတ်ဆောင်ရွက်ခြင်းသည် အမြော်အမြင်နည်းဖြင်း ဖြစ်သည် ဆိုသောအချက်ဖြစ်သည်။ ဆော်ဒီအိမ်ရှေ့မင်းသား (ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သူ) သို့မဟုတ် ကာကွယ်ရေးဒုဝန်ကြီး (အိမ်ရှေ့မင်းသား၏ညီ) နှစ်ယောက်လုံး ဗိုလ်ချုပ်ကြီးနာရာဗင်းအား လက်ခံကြိုဆိုမှု မပြုခဲ့ပေ။

ပင်လယ်ကွေ့ဒေသသည် ပထဝီနိုင်ငံရေးမရေရာမှု ချောက်ကမ်းပါးကြီးနှင့် ရင်ဆိုင်နေရသည်။ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအကြား စိတ်ဝမ်းကွဲမှုများအပြင် အီရန်နယူကလီးယား အရေးသည်လည်း ကြီးမားသော အပြောင်းအလဲဖြစ်ပေါ်ရန် နီးစပ်နေသည်။ ဘိုင်ဒန်သည် ဆော်ဒီအာရေဗျအပေါ် ထားရှိသောမူဝါဒကို ပြောင်းလဲရန် ကတိပြုထားသလို ကပ်ဘေးအလွန် အခြေအနေမှာလည်း စီးပွားရေးအခက်အခဲများနှင့် ဝရုန်းသုန်းကား ရှိနေပြီး အီဗရာဟင်သဘောတူညီချက်  (အစ္စရေး၊ ယူအေအီးနှင့် အမေရိကန်အကြား သဘောတူညီချက်) နောက်ပိုင်းတွင် ဒေသတွင်းနိုင်ငံများအကြား၌ ကြီးမားသော ရပ်တည်ချက်အပြောင်းအလဲများလည်း ပေါ်ပေါက်လာနေသည်။

အခြေခံအားဖြင့် အိန္ဒိယ၏ ပြည်ပနိုင်ငံများအပေါ် အင်အားသုံးမိတ်ဖက်ပြုမှု၏ ရည်ရွယ်ချက်သည် ရှင်းလင်းပြတ်သားမှု ရှိသင့်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခွဲ ခန့်က စတင်ခဲ့သည့် အိန္ဒိယနိုင်ငံခြားရေး မူဝါဒအား စစ်ပုံသွင်းခြင်းသည် ကိုယ်တိုင်မောင်းနှင်လည်ပတ်သည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာလျက်ရှိသည်။ သို့သော်လည်း စစ်ပွဲများ၏ သဘောသဘာဝမှာ ပြောင်းလဲသွားပြီဖြစ်သည်။
အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းများနှင့် ငြိမ်းချမ်းရေးတို့နှင့်အတူ အမေရိကန်သည်လည်း စစ်ပွဲ တစ်ခုပြီးတစ်ခု ရှုံးနိမ့်လျက်ရှိကာ အီရန်အပေါ်ထားရှိသည့် ၎င်း၏ စစ်ဘက်ဆိုင်ရာ သဘောထားကို တွန်းအားပေးမှုသည်လည်း ကျရှုံးလာလျက် ရှိနေပေသည်။

အောင်မိုး
ရည်ညွှန်း - India’s military diplomacy is delusional By MK Bhadrakumar, Asia Times