မလေးလူမျိုးတို့၏ ဂုဏ်သိက္ခာကို မလေးလူမျိုးများကိုယ်တိုင်သာ ပြန်လည်မြှင့်တင်နိုင်မည်ဟု ဝန်ကြီးချုပ်မဟာသီယာပြော

မလေးလူမျိုးတို့၏ ဂုဏ်သိက္ခာကို မလေးလူမျိုးများ ကိုယ်တိုင်သာ ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပြီး အခြားသူများကမြှင့်တင်ပေးလိမ့်မည်ဟု မျှော်လင့်နေခြင်းများကို ရပ်တန်းမှ ရပ်ရမည်ဟု မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာမိုဟာမတ်က ပြောကြားလိုက်သည်။

By Foreign Desk 07 Oct 2019

ပူထရာဂျာယာမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မြင်တွေ့ရသော ဝန်ကြီးချုပ်မဟာသီယာ (ဓာတ်ပုံ - Reuters)

မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာမိုဟာမတ် က မလေးလူမျိုးတို့၏ ဂုဏ်သိက္ခာကို မလေးလူမျိုးများ ကိုယ်တိုင်သာ ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပြီး အခြားသူများကမြှင့်တင်ပေးလိမ့်မည်ဟု မျှော်လင့်နေခြင်းများကို ရပ်တန်းမှ ရပ်ရမည်ဟု ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်မဟာသီယာသည် အောက်တိုဘာ ၆ ရက်(တနင်္ဂနွေနေ့)က ပြုလုပ်သော မလေးဂုဏ်သိက္ခာညီလာခံတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကယ်၍မလေးလူမျိုးများက ၎င်းတို့လူမှုအသိုင်းအဝိုင်း တိုးတက်ကောင်းမွန်အောင် ကြိုးစားခြင်းမရှိပါက မလေးလူမျိုးခေါင်းဆောင်များ ဦးဆောင်သောအစိုးရအဖွဲ့ကပင် မလေးလူမျိုးများ၏ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေးနိုင် မည်မဟုတ်ဟု ၎င်းက ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကိုပြန်လည်မြှင့်တင်ဖို့အတွက် အခြားသူတွေကို တစ်ခုခုလုပ်ပေးဖို့ သွားမတောင်းဆိုပါနဲ့။ ကျွန်တော်တို့မလေးလူမျိုးတွေကသာ မလေးတို့ရဲ့ ဂုဏ်သိက္ခာကိုပြန်လည်မြှင့်တင်နိုင်မှာပါ " ဟု၎င်းက ထပ်လောင်း ပြောကြားသည်။

အစိုးရအနေဖြင့် မလေးလူမျိုးများ၏ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်စေမည့် အမျိုးမျိုးသောလုပ်ငန်းနယ်ပယ်များတွင် မလေးပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် အခွင့်အလမ်းများကိုသာ ဖန်တီးပေးနိုင်မည်ဖြစ်သည်ဟု ဒေါက်တာမဟာသီယာက ရှင်းပြသည်။

သို့ရာတွင် အစိုးရကဖန်တီးပေးသော ယင်းအခွင့်အလမ်းများကို မလေးပြည်သူများက အကျိုးရှိရှိအသုံးချရန် နှောင့်နှေးနေ မည်ဆိုပါက မလေးလူမျိုးတို့၏ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

"မလေးလူမျိုးတို့ရဲ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ကိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မယ်၊ အခွင့်အလမ်းတိုင်းကို အကောင်းဆုံးအသုံးချမယ်၊ အလုပ်ကောင်းကောင်းလုပ်မယ်၊ ကောင်းမွန်တဲ့ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် ဘယ်သူကမှ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်တို့ဆီကနေ ယူဆောင်သွားနိုင်မှာမဟုတ်ပါဘူး" ဟု ဝန်ကြီးချုပ်မဟာသီယာက ပြောကြားသည်။

ဒေါက်တာမဟာသီယာသည် မလေးရှားနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များ၊ ပညာရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အပါအဝင် ညီလာခံသို့တက်ရောက်လာသည့် ထောင်နှင့်ချီသောသူများရှေ့မှောက် တွင် မိန့်ခွန်းပြောကြားစဉ် ထိုကဲ့သို့ပြောသွားခြင်းဖြစ်သည်။