မလေးတွင် ကိုဗစ်အတွက် လူထုခုခံအားစံသတ်မှတ်ချက် ၈၀ ရာခိုင်နှုန်း ပြည့်မီပြီဟု ဝန်ကြီးချုပ်ပြော

မလေးရှားတွင် အရွယ်ရောက်ပြီးလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးပေးပြီးဖြစ်သဖြင့် ကိုဗစ်ကာကွယ်ရန် လူထုခုခံအား ရှိနေပြီဟု ဝန်ကြီးချုပ် အစ်စမေးဆာဘရီယာကော့ (Ismail Sabri Yaakob) က အင်္ဂါနေ့တွင် တွစ်တာ၌ ပြောကြားခဲ့သည်။

23 Sep 2021

မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားတစ်ဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် ပြင်ဆင်နေသည့် သူနာပြုတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ စက်တင်ဘာ ၂၃

မလေးရှားတွင် အရွယ်ရောက်ပြီးလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးပေးပြီးဖြစ်သဖြင့် ကိုဗစ်ကာကွယ်ရန် လူထုခုခံအား ရှိနေပြီဟု ဝန်ကြီးချုပ် အစ်စမေးဆာဘရီယာကော့ (Ismail Sabri Yaakob) က အင်္ဂါနေ့တွင် တွစ်တာ၌ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ၌ ကိုဗစ်အသစ်ကူးစက်မှု  မြင့်မားနေသေး‌သော်လည်း ၎င်း၏ ကိုဗစ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုတွင် မှတ်တိုင်တစ်ခုသို့ ရောက်ရှိခဲ့ပြီဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ဇူလိုင်လ အဆုံးပိုင်းတွင် ကိုဗစ်ကူးစက်မှုနှုန်းမှာ ငါးရက်ဆက်တိုက် ကျဆင်းနေခဲ့ပြီး ပိုးတွေ့လူနာ အနည်းဆုံးတွေ့ရှိရသည့် တနင်္လာနေ့တွင် စာရင်းအရ ၁၄,၃၄၅ ဦးသာရှိခဲ့ပြီး အင်္ဂါနေ့တွင် မူ ၁၅,၇၅၉ ဦးအထိ ထပ်၍တိုးလာခဲ့သည်။

ကိုဗစ်ကာကွယ်ဆေးများကို အမြန်ဆုံး ထိုးနှံပေးပြီးနောက်တွင် Genting  Group မှ ဦးစီးဖွင့်လှစ်သော Genting Highlands  ကာစီနိုအပန်းဖြေစခန်း အပါအဝင်အခြား ခရီးသွားနေရာသုံးခုကိုလည်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု  ခရီးသွားလာရေးဝန်ကြီး Nancy Shuki ၏အဆိုကို ကိုးကားပြီး  နိုင်ငံပိုင်သတင်းဌာန Bernama က ဖော်ပြခဲ့သည်။

ကိုဗစ်ကာလ ခရီးသွားစီမံကိန်းအရ ဖွင့်လှစ်မည့် နောက်ထပ်နေရာနှစ်ခုမှာ တီအိုမန် (Tioman) ကျွန်းနှင့် မလက္ကာပြည်နယ်တို့ ဖြစ်ကြသည်။

လောင်စာဆီဆိုင်များ၊ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များကိုလည်း မကြာမီ အချိန်အတွင်း ည သန်းခေါင်အချိန်အထိ ဖွင့်လှစ်ရောင်းချခွင့် ပေးမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဟီရှန်မူဒင်းဟူစိန်က ကပြောကြားခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် အင်္ဂါနေ့က ဖော်ပြထားသည်။