သြစတြေးလျ၏ နျူကလီးယားရေငုပ်သင်္ဘောစာချုပ်ကိစ္စ တရုတ်၏အမြင်ကို မလေးရှား တောင်းခံ

မလေးရှားသည် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သုံးနိုင်ငံပူးတွဲ၍ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့သစ် ဖွဲ့စည်းမှုအပေါ် တရုတ်၏ သဘောထားကို သိရှိရန် ကြိုးပမ်းနေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စမှာ ဒေသတွင်း နျူကလီးယား လက်နက် အားပြိုင်မှုကို ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများရှိနေချိန်၌ မလေးရှားက ယခုကဲ့သို့ ထုတ်ပြန်ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

25 Sep 2021

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တီယန်နန်မင်ရင်ပြင်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားသို့ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ စက်တင်ဘာ ၂၅

မလေးရှားသည် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သုံးနိုင်ငံပူးတွဲ၍ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့သစ် ဖွဲ့စည်းမှုအပေါ် တရုတ်၏ သဘောထားကို သိရှိရန် ကြိုးပမ်းနေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စမှာ ဒေသတွင်း နျူကလီးယား လက်နက် အားပြိုင်မှုကို ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများရှိနေချိန်၌ မလေးရှားက ယခုကဲ့သို့ ထုတ်ပြန်ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်၏ အင်အား ကြီးထွားလာမှုကို တုန့်ပြန်ရန်ရည်ရွယ်ထားသည့် AUKUS ဟုခေါ်သည့် အဆိုပါမဟာမိတ်အဖွဲ့ စာချုပ်၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် သြစတြေးလျသည် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာ ရရှိမည်ဖြစ်သည်။

အရှေ့တောင်အာရှတွင် အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းသည် ဒေသတွင်း လက်နက်အင်အားပြိုင်ဆိုင်မှုကို ဦးတည်သွားစေနိုင်ကြောင်း အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က သတိပေးထား ကြသည်။ ဖိလစ်ပိုင်ကမူ ဒေသတွင်း အင်အားချိန်ခွင်ရှာ ထိန်းညှိမည့် နည်းလမ်း တစ်ခုအနေဖြင့် စာချုပ်သစ်ချုပ်ဆိုခြင်းကို ကြိုဆိုခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

AUKUS ကိစ္စအရေးအတွက် တရုတ်နိုင်ငံသို့ အမြန်ဆုံးသွားရောက် ဆွေးနွေးရန် မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှန်မူဒင်ဟူစိန်က ဗုဒ္ဓဟူးနေ့တွင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ အမြင်ကို သိဖို့လိုပါတယ်။ အထူးသဖြင့် ဒီသုံးနိုင်ငံက AUKUS ကို ဖွဲ့စည်းကြောင်း ကြေညာပြီး ဘာတွေဆက်လုပ်လာမလဲ ဆိုတဲ့အပေါ် တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ အမြင်တွေပေါ့။” ဟု ဟီရှန်မူဒင်က ပါလီမန်တွင် ပြောကြားသည်။

AUKUS ဖွဲ့စည်းလိုက်ခြင်းသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကြီးအကျယ် ထိခိုက် ပျက်ပြားစေနိုင်ကြောင်း တရုတ်က သတိပေးပြောဆိုထားသည်။

ဟီရှန်မူဒင်က သြစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာဒက်တန်ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားသည့် ဘရူနိုင်း၊ တဖန် တရုတ်၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘော ဒီးယား၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့နှင့်လည်း ဒေသတွင်းလုံခြုံရေးအတွက် စိုးရိမ်မှုကို ဖြေရှင်းရန် ဆွေးနွေးညှိနှိုင်းသင့် ကြောင်း တိုက်တွန်းထားသည်။

သူက “ကျွန်တော်တို့ရဲ့ စည်းလုံးမှုအင်အားက တစ်နိုင်ငံတည်း ရပ်တည်ချိန်မှာ မရှိဘဲ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံလုံးရဲ့ ဒေသတွင်း ရပ်တည်ချက်နဲ့ လုံခြုံရေးကို ကာကွယ်တဲ့အခါမှာ ပါရှိပါတယ်” ဟီရှန်မူဒင်က ပြောသည်။

မလေးရှားအနေဖြင့် AUKUS မဟာမိတ်စာချုပ် ချုပ်ဆိုသည့်အခင်းအကျင်းတွင် အဓိကအင်အားကြီး အုပ်စု နှစ်ခုကြား ဟန်ချက်ညီစေရန် လတ်တလောအာရုံစိုက်နေကြောင်း၊ ၁၉၇၁ ခုနှစ် စစ်အေးကာလ အရှိန်အမြင့်ဆုံးအချိန်တွင် ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ မလေးရှားနှင့် စင်္ကာပူတို့ကြား ညှိနှိုင်းချုပ်ဆိုထားသည့် စာချုပ်တစ်ခုဖြစ်သည့် ငါးနိုင်ငံ ကာကွယ်ရေး သဘောတူညီချက် (Five Power Defense Arrangements) နှင့် စပ်လျဉ်း၍လည်း မလေးရှားအနေဖြင့် အလေးထား ဆောင်ရွက်နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဟီရှန်မူဒင်က ထပ်လောင်းပြောကြားခဲ့သည်။