မြန်မာနိုင်ငံသားများ လွှဲပြောင်းမည့်အစီအစဉ် အာဆီယံအစည်းအဝေးပြီးချိန်ထိ မလေးရှားဆိုင်းငံ့

မလေးရှားတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများအား လွှဲပြောင်းပေးမည့်အစီအစဉ်ကို လတ်တလော မြန်မာ့အကျပ်အတည်းကို ဆွေးနွေးညှိနှိုင်းရန် အဆိုပြုထားသည့် ဒေသတွင်း အရေးပေါ်ထိပ်သီး အစည်းအဝေး ပြီးဆုံးချိန်အထိ ရွှေ့ဆိုင်းရန် မလေးရှားအစိုးရက မတ်လ ၂၄ ရက် နေ့တွင် ဆုံးဖြတ်လိုက်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

By Foreign Desk 26 Mar 2021

ဓာတ်ပုံ - Reuters

DMG ၊ မတ် ၂၆

မလေးရှားတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများအား လွှဲပြောင်းပေးမည့်အစီအစဉ်ကို လတ်တလော မြန်မာ့အကျပ်အတည်းကို ဆွေးနွေးညှိနှိုင်းရန် အဆိုပြုထားသည့် ဒေသတွင်း အရေးပေါ်ထိပ်သီး အစည်းအဝေး ပြီးဆုံးချိန်အထိ ရွှေ့ဆိုင်းရန် မလေးရှားအစိုးရက မတ်လ ၂၄ ရက် နေ့တွင် ဆုံးဖြတ်လိုက်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

မလေးရှားသည် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ဖေဖော်ဝါရီလအတွင်း မြန်မာရေတပ်သင်္ဘောများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ၎င်းတို့၏ လုံခြုံရေးအတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့များက အထူးစိုးရိမ်ပူပန် လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများဖြင့် မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား များကို ပြည်နှင်ဒဏ်ပေးမည့်အစီအစဉ်ကို တရားရုံးက တားမြစ်ထားသည့်ကြားက ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပြန်လည်ပို့ဆောင်ခံရသူများ၌ မြန်မာနိုင်ငံတွင် ဖိနှိပ်မှုများမှ လွတ်မြောက်ရန် ထွက်ပြေးလာကြသည့် ကလေးများနှင့် ခိုလှုံခွင့်တောင်းခံသူများလည်း ပါဝင်ကြောင်း အခွင့်အရေးတက်ကြွလှုပ်ရှားသူများက တရားရုံးသို့ ပြောကြားခဲ့သည်။

ဒုတိယ အသုတ်ကို ပြည်နှင်ဒဏ်ပေးမည့်အစီအစဉ်အား မြန်မာ့အရေးဆွေးနွေးညှိနှိုင်းရန် အဆိုပြုထားသည့် အာဆီယံထိပ်သီးအစည်းအဝေး ပြီးဆုံးချိန်အထိ နောက်ဆုတ်ရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်သုံးခုက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းထားသည့် နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန်အတွက် နောက်ထပ် ရေတပ်သင်္ဘော သုံးစီး ပို့ဆောင်ရန် မြန်မာနိုင်ငံက ယခုလအတွင်း ကမ်းလှမ်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။