အင်္ဂလန်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအသစ် ၃၆ ဦးတွေ့ရှိခဲ့ပြီး စုစုပေါင်း ၅၆ ဦးအထိ တိုးလာ

အင်္ဂလန်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအသစ် ၃၆ ဦးထပ်မံတွေ့ရှိခဲ့ပြီး စကော့တလန်လည်း ပထမဆုံးလူနာတစ်ဦး တွေ့ရှိထားကြောင်း ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက မေလ ၂၃ ရက်တွင် ပြောကြားသည်။

25 May 2022

၂ဝဝ၄ ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး ၂ဝ၂၂ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ဂျာမနီနိုင်ငံ Robert Koch Institute (RKI) မှရရှိခဲ့သောပုံတွင် မျောက်ကျောက်ဗိုင်းရပ်စ်ပိုးအား မိုက်ခရိုစကုပ်ဖြင့် အနီးကပ် ရိုက်ကူးထားသည်ကို တွေ့ရစဉ်။

DMG ၊ မေ ၂၅

အင်္ဂလန်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအသစ် ၃၆ ဦးထပ်မံတွေ့ရှိခဲ့ပြီး စကော့တလန်လည်း ပထမဆုံးလူနာတစ်ဦး တွေ့ရှိထားကြောင်း ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက မေလ ၂၃ ရက်တွင် ပြောကြားသည်။

မေလ ရ ရက်မှစပြီး အင်္ဂလန်တွင် အတည်ပြုထားသော ကူးစက်ခံရသူဦးရေ စုစုပေါင်း ၅၆ ဦးအထိ ရှိလာခဲ့ပြီး ရောဂါပျံ့နှံ့ဖြစ်ပွားမှုမှာ စိုးရိမ်ရဖွယ်ရှိသော်လည်း ဗြိတိန်နိုင်ငံသားများအတွက် ရောဂါပိုးကူးစက်နိုင်ခြေမှာ နည်းပါးနေသေးကြောင်း ဗြိတိန်ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က အလေးပေးပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ၏အစိုးရသည် အဆိုပါရောဂါ၏ ကူးစက်မှုဆိုင်ရာ အခြေအနေများကို ဂရုတစိုက်ကြည့်ရှုနေကြောင်း ပြောကြားသည်။

"ဒါဟာ အခြေခံအားဖြင့် အလွန်ရှားပါးတဲ့ ရောဂါတစ်ခုဖြစ်ပြီး အခုအချိန်အထိ အကျိုးဆက်တွေက သိပ်ပြင်းထန်ပုံမပေါ်ပေမယ့် အဲဒါကို စောင့်ကြည့်ဖို့ အရေးကြီးပါတယ်" ဟု ဗြိတိန်ဝန်ကြီးချုပ်က သတင်းထောက်များအား ပြောကြားသည်။

ရောဂါပိုးသည် ပုံမှန်အားဖြင့် လူအများကြားတွင် အလွယ်တကူ မပြန့်ပွားကြောင်း ဗြိတိန်ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က အကြိမ်ကြိမ်ပြောကြားထားသည်။

"ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများတွင် ထပ်မံဖြစ်ပွားမှုများအား ဖော်ထုတ်သည့် အစီရင်ခံစာများနှင့်အတူ၊ ဗြိတိန်ရှိ နောက်ထပ်ရောဂါဖြစ်ပွားမှုတွေကို ဆက်လက်ဖော်ထုတ်နေပါတယ်" ဟု ဗြိတိန်ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA)၏ ဆေးဘက်ဆိုင်ရာအကြံပေး အကြီးအကဲ ဒေါက်တာဆူဆန်ဟော့ပ်ကင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဗြိတိန်နဲ့ ဥရောပမှာ မကြာသေးမီက ကူးစက်မှုတွေရဲ့ သတိပြုမိနိုင်လောက်တဲ့ အချိုးအစားကို လိင်တူချစ်သူတွေနဲ့ လိင်တူလိင်ကွဲ နှစ်မျိုးလုံးကိုစိတ်ဝင်စားတဲ့ အမျိုးသားတွေမှာ တွေ့ရှိခဲ့တာကြောင့် အဆိုပါအမျိုးသားတွေကို ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး သတိရှိဖို့ အထူးတိုက်တွန်းထားပါတယ်" ဟု ဒေါက်တာဆူဆန်ဟော့ပ်ကင်းက ပြောကြားသည်။

ဥရောပနှင့် မြောက်အမေရိကတွင် မကြာသေးမီက ကူးစက်ပြန့်ပွားမှုတွင် သံသယရှိလူနာနှင့် အတည်ပြုလူနာ ၁ဝဝ ကျော်သည် ပြင်းထန်သောအခြေအနေတွင် မရှိကြောင်း အဆိုပါနေ့အစောပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါသစ်များနှင့် တိရစ္ဆာန်မှတဆင့်လူထံသို့ ကူးစက်တတ်သောရောဂါများဆိုင်ရာ အကြီးအကဲနှင့် ကိုဗစ်-၁၉ ရောဂါ နည်းပညာပိုင်းဆိုင်ရာအကြီးအကဲ မာရီယားဗန်ကာ့ခ်ဟို့ဗ်က ပြောကြားခဲ့သည်။

အတည်ပြုခံထားသော ကူးစက်ခံရသူများ၏ ဖြစ်ပွားနိုင်ခြေများသည့် အနီးကပ်ထိတွေ့ ဆက်ဆံသူများသည် ၂၁ ရက်ကြာ သီးခြားနေထိုင်သင့်သည်ဟု ဗြိတိန်ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) က အကြံပြုထားသည်။