မြန်မာနှင့် အာဖဂန်တာလီဘန်တို့ မိန့်ခွန်းပြောခွင့် မရဘဲ ကုလအထွေထွေညီလာခံ အဆုံးသတ်တော့မည်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးသည် ယနေ့ အဆုံးသတ်တော့မည် ဖြစ်သည်။ သို့သော်လည်း အာဖဂန်တွင် လက်ရှိ အာဏာကိုင်စွဲထားသည့် တာလီဘန်နှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တို့ မိန့်ခွန်းမပြောဘဲ အဆုံးသတ်တော့မည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

27 Sep 2021

ကုလသမဂ္ဂဆိုင်ရာ လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ ဓာတ်ပုံ - Reuters

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးသည် ယနေ့ အဆုံးသတ်တော့မည် ဖြစ်သည်။ သို့သော်လည်း အာဖဂန်တွင် လက်ရှိ အာဏာကိုင်စွဲထားသည့် တာလီဘန်နှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တို့ မိန့်ခွန်းမပြောဘဲ အဆုံးသတ်တော့မည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မိန့်ခွန်းပြောကြားခွင့် မပြုရန် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့အကြား သဘောတူညီချက် ရထားသည်ဟု ကုလသမဂ္ဂ အဆင့်မြင့်သံတမန်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့ လက်ထက်တွင် ရွေးချယ်ခဲ့သည့် ဦးကျော်မိုးထွန်းကို လက်ရှိအချိန်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုထားသည်။

လက်ရှိ နိုင်ငံတော်အာဏာကို ရယူထားသည့် မြန်မာစစ်အုပ်စုက ပြီးခဲ့သောမေလတွင် ဦးကျော်မိုးထွန်းနေရာ၌ အစားထိုးခန့်အပ်မည့်လူသစ်ကို အဆိုတင်သွင်းခဲ့သော်လည်း ကုလသမဂ္ဂက အတည်မပြုသေးပေ။

အာဖဂန်နစ္စတန်အရေးတွင်လည်း တာလီဘန်တို့က ၎င်းတို့အသစ်ခန့်အပ်လိုက်သည့် နိုင်ငံခြားရေးဝန်ကြီးအား မိန့်ခွန်းပြောခွင့်ပြုရန် အဆိုပြုလာသည့်အပေါ် ကုလသမဂ္ဂအတွက် အာဖဂန်နစ္စတန်နိုင်ငံ၏ ယခင်အစိုးရသံတမန်က ကန့်ကွက်မည်ဟု ယူဆရသည်။

ပြီးခဲ့သောသီတင်းပတ် တနင်္လာနေ့က တာလီဘန်တို့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စာတစ်စောင် ရေးသားပေးပို့ပြီး အာမီယာခန်မူတာကီကို ညီလာခံတက်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ယခင် အာရှရက်ဖ်ဂါနီလက်နက်က ခန့်အပ်ခဲ့သည့် ဂူလမ်အိုင်ဆက်ဇိုင်သည် ကုလသမဂ္ဂတွင် အာဖဂန်နစ္စတန်နိုင်ငံကို ကိုယ်စားမပြုတော့ကြောင်းလည်း အဆိုပါစာတွင် ဖော်ပြထားသည်။

ထိုစာကို အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ပါဝင်သည့် ကော်မီတီတစ်ရပ်က အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ရမည်ဖြစ်သော်လည်း အဆိုပါအစည်းအဝေးသည် အထမမြောက်ခဲ့ကြောင်း ကုလအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားသည်။

လက်ရှိအချိန်၌ ကုလသမဂ္ဂသည် အာဖဂန်၏ကိုယ်စားလှယ်အဖြစ် အိုင်ဆက်ဇိုင်အား အသိအမှတ်ပြုထားပြီး ဖြစ်ရာ တာလီဘန်တို့၏ တောင်းဆိုချက်သည် အလွန်နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်ဟု သံတမန်တစ်ဦး၏ ပြောကြားချက်ကို အေအက်ဖ်ပီက ဖော်ပြသည်။

ကုလအထွေထွေညီလာခံတွင် အာဖဂန်နစ္စတန်၊ မြန်မာနှင့် ဂီနီနိုင်ငံတို့၏ မိန့်ခွန်းများဖြင့် အဆုံးသတ်ရန် ကနဦး စီစဉ်ခဲ့သော်လည်း မြန်မာနှင့် ဂီနီနိုင်ငံတို့၏ အခြေအနေသည် ပိုမိုရှုပ်ထွေးနေခဲ့ပြီး နောက်ဆုံးနေ့အထိ ပြေလည်မှုမရှိခဲ့ပေ။