နိုင်ငံခြားသားများထွက်ခွာမှုကြောင့် စင်ကာပူလူဦးရေ ကျဆင်း

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခရီးသွားလာခွင့်ထိန်းချုပ်လိုက်ခြင်းနှင့် အလုပ်များစွာ ရပ်ဆိုင်းလိုက်ခြင်းတို့ နောက် ကမ္ဘာ့စီးပွားရေးဆုံချက်မှ ပြည်ပအလုပ်သမားများ ထွက်ခွာခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းတည်းက စင်ကာပူလူဦးရေသည် ပထမဆုံးအကြိမ်အဖြစ် ကျုံ့လာခဲ့ပြီဖြစ်သည်။ 

28 Sep 2020

(ဓာတ်ပုံ - Reuters)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခရီးသွားလာခွင့်ထိန်းချုပ်လိုက်ခြင်းနှင့် အလုပ်များစွာ ရပ်ဆိုင်းလိုက်ခြင်းတို့ နောက် ကမ္ဘာ့စီးပွားရေးဆုံချက်မှ ပြည်ပအလုပ်သမားများ ထွက်ခွာခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းတည်းက စင်ကာပူလူဦးရေသည် ပထမဆုံးအကြိမ်အဖြစ် ကျုံ့လာခဲ့ပြီဖြစ်သည်။ 

စင်ကာပူလူဦးရေ၏ ၁၈,၀၀၀ ခန့် သို့မဟုတ် ဝ.၃ ရာခိုင်နှုန်း အထိကျဆင်းခဲ့ကာ စုစုပေါင်းလူဦးရေ ၅.၆၉ သန်းကျန်ရှိကြောင်း နှစ်စဉ် လူဦးရေစစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။ 

ပြည်ပနိုင်ငံသားဦးရေ သိသိသာသာကျဆင်းလာမှုကို ၂ ရာခိုင်နှုန်း  (၁.၆၄ သန်းအထိ) တွေ့နိုင်ပြီး အမြဲတမ်း နေထိုင်ခွင့်ရရှိထားသူ အရေအတွက်မှာလည်း ကျဆင်းနေကြောင်းတွေ့ရသည်။ နိုင်ငံသားဦးရေမှာလည်း ပြည်ပနိုင်ငံသား ကျဆင်းလာသည့် ကိန်းဂဏန်းနှင့်ယှဉ်လျှင် သိသာစွာများပြားလာခြင်း မရှိသည့်အပြင် အချို့မှာ ကမ္ဘာအရပ်ရပ်တွင် ကပ်ရောဂါပျံ့နှံ့ လာသည့် အချိန်တွင် ပြည်ပမှပြန်ဝင်လာသူများ ဖြစ်သည်။ 

ဝယ်လိုအားကျဆင်းလာမှုနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များကိုဖြစ်ပေါ်စေခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကြုံတွေ့ရသော စိန်ခေါ်မှုများကြောင့် အဆိုပါ ဖြစ်ရပ်အပေါ် ကြီးမားစွာ သက်ရောက်မှုရှိကြောင်း လစာနည်းပါးသည့် ပြည်ပ အလုပ်သမားများအပေါ်များစွာ အမှီပြုနေရသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင်များ လျော့ပါးပျောက်ကွယ် လာခြင်းအပေါ် ကိုးကားလျက် အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ 

နိုင်ငံစီးပွားရေးသည် ယခုနှစ်အတွင်း  ၅%မှ ၇% အတွင်းကျဆင်းမည်ဖြစ်ကြောင်း တရားဝင်ခန့်မှန်းချက်အရ သမိုင်းတွင် စီးပွားရေးအကျဆင်းဆုံးအခြေအနေကို ရင်ဆိုင်နေရခြင်းကြောင့် အစိုးရသည် ပြည်သူများ အလုပ်အကိုင် ဆက်လက် တည်မြဲရေးအတွက် ပြည်ပနိုင်ငံသားများအား ငှားရမ်းရာတွင် ကန့်သတ်မှုများကို ပိုမိုတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံစုံကော်ပိုရေးရှင်းများ၏ အာရှတိုက်ဆိုင်ရာရုံးချုပ်များအခြေစိုက်ရာ အခွန်အကောက်နည်းသည့် ကော်ပိုရိတ်များ၏ ဆုံချက်မှ တာဝန်ရှိသူများကလည်း လူဦးရေအလှည့်အပြောင်းသည် စီးပွားရေးကို ထိခိုက်နိုင်ကြောင်း သတိပေးပြောကြား လိုက်သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်ပနိုင်ငံသားတွေကို ဝင်ခွင့်ပိတ်ပင်လိုက်ပြီ မကြိုဆိုတော့ဘူးဆိုတဲ့ အမြင်မှားမျိုး မပေးမိဖို့ သတိပြုရမယ်” ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ယခုလအစောပိုင်းက မိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။ အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒ လျော့ရဲလွန်းသည်ဟု အတိုက်အခံပါတီများက ဝေဖန်သံ ညံခဲ့သော ရွေးကောက်ပွဲအပြီးတွင် လီရှန်လွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စင်ကာပူတွင် အမြဲတမ်းနေထိုင်သူမဟုတ်သည့် လူဦးရေသည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်အတွင်း နှစ်ဆကျော် တိုးလာခဲ့ပြီး ကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံတွင် ပါဝင်နေသည့် မြို့တော်တွင် လူဦးရေကြီးထွားမှုနှုန်းကို ထိုလူဦးရေဖြင့် အားပြုနေရသည်။

အတိုက်အခံအား စံချိန်တင် ထိုင်ခုံအရေအတွက်ဖြင့် အာဏာရ People's Action Party က ထိန်းချုပ်ခွင့် ရရှိသွားသည့် ဇူလိုင် ၁၀ ရက်ရွေးကောက်ပွဲတွင် ပြည်သူများ၏ နိုင်ငံ့အခြေခံ အဆောက်အဦများအပေါ် အစိုးရက နိုင်နင်းစွာစီမံနိုင်စွမ်းမရှိမည်ကို စိုးရိမ်မှု၊ အလုပ်အကိုင်အတွက် ယှဉ်ပြိုင်ရမှုတို့အပေါ် ပူပန်မှုများ ထပ်ဖန်တလဲလဲဖြစ်ပွားနေရမှုမှာ ပိုပြီး ထင်သာမြင်သာရှိလာရသည်။

 “ဒီအတိုင်း ဆက်လုပ်နေရင်တော့ ရှေ့ဆက်မယ့်အနာဂတ်မှာ လုပ်သားပြတ်လပ်မှု ထပ်ကြုံတွေ့ရနိုင်ပါတယ်။” ဟု စင်ကာပူ အိုစီဘီစီဘဏ် (OCBC Bank) ဘဏ္ဍာရေးသုတေသနနှင့် မဟာဗျူဟာဌာနမှူး ဆယ်လီနာလင်းက ပြောကြားသည်။