- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် စင်္ကာပူနိုင်ငံသူတစ်ဦးကို ခန့်အပ်
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်အဖြစ် စင်္ကာပူနိုင်ငံသူတစ်ဦးကို ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က တနင်္လာနေ့တွင် ကြေညာလိုက်သည်။
26 Oct 2021
DMG ၊ အောက်တိုဘာ ၂၆
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်အဖြစ် စင်္ကာပူနိုင်ငံသူတစ်ဦးကို ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က တနင်္လာနေ့တွင် ကြေညာလိုက်သည်။
တာဝန်ကုန်ဆုံးသွားပြီဖြစ်သည့် လက်ရှိသံတမန် ဆွစ်ဇာလန်နိုင်ငံသူ ခရစ္စတင်းရှာရနာဘာဂျီနာ နေရာတွင် စင်္ကာပူနိုင်ငံသူ လူမှုရေးသိပ္ပံပညာရှင် နိုလင်းဟေဇာကို ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် နိုလင်းဟေဇာသည် ကုလသမဂ္ဂ အဖွဲ့အစည်းတွင် အကြီးတန်းရာထူး အများအပြား၌ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။ ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အထိ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၁၃ မှ ၂၀၁၅ ခုနှစ်အထိလည်း အရှေ့တီမောနိုင်ငံအတွက် အထူးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။
နိုလင်းသည် စီးပွားရေးနှင့်လူမှုရေး ကော်မရှင်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်က အာဆီယံအဖွဲ့ကြီးနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့သလို မြန်မာအာဏာပိုင်များနှင့်လည်း ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ဖူးသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း ကုလသမဂ္ဂ အဖွဲ့ကြီးသည် မြန်မာအာဏာပိုင်များအား နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းနေသလို ဖမ်းဆီးထားသော အရပ်ဘက်ခေါင်းဆောင်များကိုလည်း ပြန်လွှတ်ပေးရန် တောက်လျှောက်ဆိုသလို တိုက်တွန်းလျက်ရှိသည်။
စီအန်အေသို့ ပေးပို့သော ကြေညာချက်တစ်ရပ်၌ နိုလင်းဟေဇာက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ခံရခြင်းအတွက် နက်ရှိုင်းစွာဂုဏ်ယူပါကြောင်း ဖော်ပြထားသည်။
“ဒီတာဝန်ကို ကျွန်မ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စတင်ထမ်းဆောင်ရမှာပါ။ မြန်မာလူထုအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခု ရရှိရေးမှာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးအဖြေတစ်ရပ် ထွက်ပေါ်လာဖို့ ကျွန်မအနေနဲ့ သက်ဆိုင်သူတွေ အားလုံးရဲ့ မျှော်မှန်းချက်တွေ သဘောထားအမြင်တွေကို နားထောင်ရမယ့် မျှော်လင့်ထားပါတယ်” ဟု သူမက ပြောကြားသည်။
တာဝန်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခရစ္စတင်းရှရာနာဘာဂျီနာ သော်လည်းကောင်း၊ အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့သည်လည်းကောင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အရပ်သားခေါင်းဆောင်များနှင့် တွေ့ခွင့် မရခဲ့ကြပေ။