စင်္ကာပူမှ မြန်မာသို့ Oxygen Concentrator (အောက်ဆီဂျင်ပေးစက်) အလုံး ၂၀၀ ပေးပို့မည်

ကိုဗစ်ကပ်ဘေးကြီးနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် စင်္ကာပူမှ အောက်ဆီဂျင်စက် (Oxygen Concentrator) အလုံး ၂၀၀ ပေးပို့မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

28 Jul 2021

Oxygen Concentrators စက်များ။ (နမူနာဖော်ပြခြင်းသာ ဖြစ်ပြီး စင်္ကာပူမှပေးပို့မည့် စက်များ မဟုတ်ပါ။ ဓာတ်ပုံ - အင်တာနက်)

DMG ၊ ဇူလိုင် ၂၈

ကိုဗစ်ကပ်ဘေးကြီးနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် စင်္ကာပူမှ အောက်ဆီဂျင်စက် (Oxygen Concentrator) အလုံး ၂၀၀ ပေးပို့မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

ယခုစက်များသည် တစ်မိနစ်လျှင် ၁၀ လီတာ (10LPM) လွှတ်ပေးနိုင်သည့် စက်များဖြစ်သည်။ စင်္ကာပူကြက်ခြေနီအသင်း မှတစ်ဆင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) သို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ကာ ထိုမှတစ်ဆင့် လိုအပ်သော နေရာများထံ ဖြန့်ချိသွားမည်ဟု စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်တိုက်ဖျက်နေကြသော မြန်မာလူထုနှင့်အတူ စင်္ကာပူသည် တစ်သားတည်း ရပ်တည်လျက်ရှိ”ကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

“ယခုပေးအပ်မှုများနှင့်အတူ စင်္ကာပူရောက် မြန်မာအသိုင်းအဝိုင်း အပါအဝင် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ လှူဒါန်းမှုများသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်ဖြတ်ရန် စင်္ကာပူလူထုနှင့် မြန်မာလူထုတို့ အကြား ခိုင်မာသည့် အပြန်အလှန် ကူညီထောက်ပံ့မှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း” လည်း ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အင်္ဂါနေ့ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း ပိုးတွေ့လူနာ ၄၉၆၄ ဦးရှိပြီး သေဆုံးသူ ၃၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။