- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ယူကရိန်း၊နေတိုးအရေးနှင့် ပတ်သက်လာလျှင် မော်စကိုတွင် ‘မျှဉ်းနီ’ ရှိသည်ဟု အနောက်အုပ်စုကို ပူတင် သတိပေး
ယူကရိန်းနိုင်ငံတွင် နေတိုးအုပ်စုက တပ်ဖွဲ့ဝင်များနှင့် လက်နက်များ နေရာချထားမှု ရှိနေသည့်အပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့တွင် တင်းတင်းမာမာ သတိပေးလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Dec 2021

DMG ၊ ဒီဇင်ဘာ ၁
ယူကရိန်းနိုင်ငံတွင် နေတိုးအုပ်စုက တပ်ဖွဲ့ဝင်များနှင့် လက်နက်များ နေရာချထားမှု ရှိနေသည့်အပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့တွင် တင်းတင်းမာမာ သတိပေးလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နေတိုး၏ လုပ်ရပ်သည် ရုရှားအတွက် အနီရောင်အဆင့် သတိပေးချက် ‘မျှဉ်းနီ’ ဖြစ်ပြီး ရုရှားဘက်က ပြင်းထန်စွာတုံ့ပြန်မည်ဟု ပူတင်က ရင်းနှီးမြှုပ်နှံမှု အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရုရှားက ယူကရိန်းသို့ တစ်ဘက်သတ် ကျူးကျော်လိုစိတ် ရှိသည်ဆိုသည့် အနောက်အုပ်စု၏ စိုးရိမ်မှုအပေါ် မှတ်ချက်ပေးရာ၌ သမ္မတပူတင်က မော်စကိုအနေဖြင့်လည်း ယူကရိန်းနယ်စပ်တွင် နေတိုးတို့ စစ်ရေးလေ့ကျင့်နေမှုအပေါ် ထပ်တူထပ်မျှ စိုးရိမ်မှုရှိသည်ဟု တုံ့ပြန်ပြောကြားသည်။
ဆွေးနွေးပွဲ တက်ရောက်လာသူများအား ပူတင်က နေတိုးအုပ်စု၏ အရှေ့သို့ ခြေဆန့်မှုသည် မော်စကို၏ ပင်မလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ပြောကြားသည်။ နေတိုးအုပ်စုသည် ယူကရိန်းနိုင်ငံအတွင်းမှနေ၍ ရုရှားရှိ ဗဟိုညွှန်ကြားရေးစင်တာများသို့ ငါးမိနစ်ဖြင့် ဒုံးကျည်အရောက် ပစ်ခတ်နိုင်သည့် အကွာအဝေးအထိ ရောက်ရှိစခန်းချမည့် အနေအထားသို့ ရောက်လာနိုင်ကြောင်းလည်း သမ္မတပူတင်က ပြောကြားသည်။
“ဒီလိုမျိုးခြိမ်းခြောက်မှုတွေ မြင့်တက်လာတာဟာ ကျွန်တော်တို့အတွက်တော့ မျှဉ်းနီတစ်ရပ် ဖြစ်ပါတယ်” ဟု ပူတင်က ပြောသည်။
“သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းတွက် အမြော်အမြင်ရှိမှုနဲ့ တာဝန်ခံမှုတွေ ပေါ်ထွက်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟုလည်း ပူတင်က ပြောကြားသည်။
မော်စကိုသည် ပိုမိုမြင့်တက်လာနေသော ခြိမ်းခြောက်မှုများအား တုံ့ပြန်ရေးအတွက် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ်လက်နက်များ စမ်းသပ်ထုတ်လုပ်ရန် ဖိအားပေးခံနေရသည်ဟုလည်း သူကဆိုသည်။
“ကျွန်တော်တို့ ဘာလုပ်သင့်သလဲ… ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့အရာတွေကို ထပ်တူထပ်မျှ ပစ်မှတ်ထားတုံ့ပြန်ဖို့ အတွက် တစ်ခုခု ဖန်တီးဖို့ လိုလာပါလိမ့်မယ်။ ကျွန်တော်တို့ အခုတောင် လုပ်နိုင်စွမ်းရှိနေပါပြီ” ဟုလည်း ပူတင်က ပြောကြားသည်။
ရုရှားသည် အသံထက် ကိုးဆပိုမြန်သည့် ဇာကွန်ပဲ့ထိန်းဒုံးကျည်ကို တောက်လျှောက် စမ်းသပ်နေပြီး ပြီးခဲ့သော တနင်္လာနေ့တွင် နောက်ဆုံးအကြိမ် စမ်းသပ်ထားသည်။
ယခင်က ဆိုဗီယက်အိမ်နီးချင်းဟောင်း ဖြစ်သည့် ယူကရိန်းသည် နယ်စပ်တွင် ရုရှားတို့ စစ်အင်အား တိုးမြှင့်နေခြင်းအား ရုရှား၏ ကျူးကျော်လိုသည့် သဘောထားအဖြစ် ရှုမြင်ကာ ယူကရိန်းနှင့် အနောက်အုပ်စုကပါ စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ရုရှားကမူ မိမိတို့အတွင် ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး မရှိကြောင်းနှင့် ယူကရိန်းနှင့် အနောက်အုပ်စုသည် သူတို့၏ ရန်လိုသည့် လုပ်ရပ်များကို ဖုံးဖိလိုသဖြင့် လုပ်ကြံပြောကြားနေခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။