ရုရှားကိုခုခံရာ၌ မဟာမိတ်နိုင်ငံများထံမှ ရရှိသော လက်နက်များကို ယူကရိန်း အဓိကအသုံးပြုနေ

ရုရှားကျူးကျော်စစ်ကို ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံသည် ၎င်း၏ ဆိုဗီယက်ခေတ် ရုရှားထုတ် လက်နက်များကို အသုံးမပြုတော့ဘဲ မဟာမိတ်နိုင်ငံများမှ ထောက်ပံ့သော လက်နက်များကိုသာ လုံးလုံးလျားလျား အသုံးပြုနေကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

11 Jun 2022

တင့်ကားဖျက်ဒုံးပစ်လက်နက် ကိုင်ဆောင်ထားသည့် ယူကရိန်း လူငယ်စစ်သည်တစ်ဦးအား ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဒွန်ဘက်စ်ဒေသ ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

DMG ၊ ဇွန် ၁၁

ရုရှားကျူးကျော်စစ်ကို ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံသည် ၎င်း၏ ဆိုဗီယက်ခေတ် ရုရှားထုတ် လက်နက်များကို အသုံးမပြုတော့ဘဲ မဟာမိတ်နိုင်ငံများမှ ထောက်ပံ့သော လက်နက်များကိုသာ လုံးလုံးလျားလျား အသုံးပြုနေကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကရိန်းကို ရုရှားဘက်က ကျူးကျော်စစ်စတင်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ လက်ရှိအချိန်အထိ စစ်ပွဲသက်တမ်း သုံးလကျော်လာပြီ ဖြစ်သည်။ ယူကရိန်းစစ်သည်များသည် အမေရိကန်နှင့် ဥရောပ နေတိုးမဟာမိတ်များထံမှ ထောက်ပံ့ထားသော လက်နက်များကို အသုံးပြုနေ၊ အသုံးပြုရန် သင်ကြားနေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ပွဲကာလ အစောပိုင်းတွင် အနောက်နိုင်ငံများအနေဖြင့် ကီယက်ဗ်အတွက် လက်နက်ထောက်ပံ့ရာတွင် နေတိုးနှင့် ရုရှား ထိပ်တိုက်မတွေ့အောင် သတိကြီးကြီးထားရန် သတိပေးမှုများ ရှိခဲ့ကြသည်။ သူတို့၏ အဆင့်မြင့်လက်နက်များ ရုရှားလက်တွင်းသို့ ကျရောက်သွားမည်ကိုလည်း စိုးရိမ်ပူပန်မှုများရှိခဲ့သည်။

သို့သော်လည်း ယူကရိန်းမဟာမိတ်များသည် လက်နက်အင်အား အများအပြား ထောက်ပံ့ခဲ့ကြသလို ကီယက်ဗ်စစ်သည်များအတွက် တင့်ကားများနှင့် ရဟတ်ယာဉ်များအထိ ပေးအပ်ခဲ့ကြသည်။ အမေရိကန်ကိုယ်တိုင် ဦးဆောင်ပြီး ယူကရိန်းအတွက် လိုအပ်သောလက်နက်များကို ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နိုင်ငံများထံမှ စုဆောင်းပေးခဲ့သည်များ ရှိသည်။

သို့သော်လည်း အဆိုပါလက်နက်များ အားလုံးကုန်သွားပြီ၊ သို့မဟုတ် ဖျက်ဆီးလိုက်ပြီဟု အမေရိကန် အရာရှိတစ်ဦးက ပြောသည်။

“ဒီလက်နက်တွေ မရှိတော့ပါဘူး” ဟု သူကပြောသည်။

ယူကရိန်းအတွက် စုဖွဲ့ထားသည့် အုပ်စု ၄၀ ပါဝင်သည့် ပူးပေါင်းအဖွဲ့တစ်ခု ရှိထားပြီး ကာကွယ်ရေးစစ်ဦးစီးချုပ်များသည် ကီယက်ဗ်တပ်ဖွဲ့များကို လိုအပ်သော လက်နက်များနှင့် အပိုပစ္စည်းများ ထောက်ပံ့နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အမည်မဖော်လိုသည့် နောက်ထပ် အမေရိကန် စစ်ဘက်အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

လက်နက်ရောက်ရှိမှု နှေးကွေးသည်ဆိုလျှင်လည်း ယူကရိန်းစစ်သည်တို့ အသုံးပြုနည်း ဖြည်းဖြည်းမှန်မှန် သင်ယူနိုင်စေရန်အတွက်သာ ဖြစ်သည်ဟု သူကပြောသည်။

လက်ရှိတွင် ယူကရိန်းသည် ရုရှားတို့ထက် ပို၍ အဝေးရောက်ပြီး ပိုတိကျသည့် အမြောက်များနှင့် ဟီမား ဒုံးကျည်တို့ကဲ့သို့ အဝေးပစ်လက်နက်များကိုပါ အသုံးပြုနေကြပြီဖြစ်သည်။

အမေရိကန်သည် ယူကရိန်းအတွက် ကန်ဒေါ်လာ သန်း ရ၀၀ တန်ဖိုးရှိသည့် လက်နက်များ ပေးအပ်မည်ဟု ဇွန်လ ၁ ရက်နေ့က ကြေညာခဲ့သည်။ အဆိုပါ လက်နက်များတွင် ဟီမား ဒုံးကျည်စနစ် လေးစုံ၊ ဂျက်ဗလင် တင့်ဖျက်ဒုံး ၁၀၀၀ နှင့် ဆိုဗီယက်အဆင့်မီ Mi-17 ရဟတ်ယာဉ်လေးစီးတို့လည်း ပါဝင်သည်။