သြစတြေးလျရှိ အသက်မပြည့်သည့်ကလေးများ လူမှုမီဒီယာသုံးရာတွင် မိဘအုပ်ထိန်းသူ ခွင့်ပြုချက် လိုအပ်

သြစတြေးလျသည် မီဒီယာကုမ္ပဏီများကို အသက် ၁၆ နှစ်အောက် သုံးစွဲသူများအတွက် မိဘ အုပ်ထိန်းသူ သဘောတူညီချက်ရရှိရန် ဆောင်ရွက်ရမည့်အစီအစဉ်ကို ရေးဆွဲနေပြီး လိုက်နာရန်ပျက်ကွက်ပါက အင်တာနက်ပလက်ဖောင်းများ အနေဖြင့် ဒဏ်ကြေး သြစတြေးလျဒေါ်လာ ၁၀ သန်း (အမေရိကန် ဒေါ်လာ ရ.၅သန်း) အထိပေးဆောင်ရမည်ဟု အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတိပေးကြေညာလိုက်သည်။

27 Oct 2021

ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၇

သြစတြေးလျသည် မီဒီယာကုမ္ပဏီများကို အသက် ၁၆ နှစ်အောက် သုံးစွဲသူများအတွက် မိဘ အုပ်ထိန်းသူ သဘောတူညီချက်ရရှိရန် ဆောင်ရွက်ရမည့်အစီအစဉ်ကို ရေးဆွဲနေပြီး လိုက်နာရန်ပျက်ကွက်ပါက အင်တာနက်ပလက်ဖောင်းများ အနေဖြင့် ဒဏ်ကြေး သြစတြေးလျဒေါ်လာ ၁၀ သန်း (အမေရိကန် ဒေါ်လာ ရ.၅သန်း) အထိပေးဆောင်ရမည်ဟု အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတိပေးကြေညာလိုက်သည်။

ဆိုရှယ်မီဒီယာကုမ္ပဏီများတွင် အမည်ဖော်ပြရန်မလိုသည့် ဆွေးနွေးပွဲများ ဆောင်ရွက်ပေးသည့် ရက်ဒစ်နှင့် ဘမ်ဘယ်ကဲ့သို့ စမတ်ဖုန်းမှတစ်ဆင့် ဖူးစာရှာပေးသည့် အပလီကေးရှင်းများ ပါဝင်သည့် ထိုမီဒီယာများသည် သုံးစွဲသူများ၏ အသက်အရွယ်များကို ခွဲခြားဖော်ပြပေးရန်နှင့် အချက်အလက် ကောက်ယူရာတွင် ကလေးများ၏ စိတ်ဝင်စားမှုများကို ဦးစားပေးနိုင်ရန် ကျိုးကြောင်း ဆီလျော်သောအဆင့်အားလုံးကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အွန်လိုင်းလွတ်လပ်ခွင့် ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

ဖေ့စ်ဘုတ်၏ ဝန်ထမ်းဟောင်း တစ်ဖြစ်လဲ အတွင်းသတင်းဖွင့်ချသူတစ်ဦးထံမှ စာရွက်စာတမ်း ပေါင်း ထောင်နှင့်ချီကာ အထက်လွှတ်တော်စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်း ပေးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ဖေ့စ်ဘုတ် ကုမ္ပဏီသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက် စေနိုင် သည်ဟူသည့် စိုးရိမ်ပူပန်မှုများနှင့် လူမှုရေးဆိုင်ရာခွဲခြားမှုများ ဖြစ်စေမှုတို့အတွက် ယခုလအတွင်းတွင် အမေရိကန်လွှတ်တော်အမတ်များ၏ ဒေါသတကြီးတုန့်ပြန်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း တနင်္လာနေ့က သြစတြေးလျလွှတ်တော်အမတ်များ၏ ပြောကြားချက်ကို ကိုးကားညွှန်းဆိုထားသည်။

စိတ်ကျန်းမာရေးနှင့် သေကြောင်းကြံစည်မှုများကာကွယ်ရေး လက်ထောက်ဝန်ကြီးဖြစ်သူ ဒေးဗစ်ကိုးလ်မန်းက “ဖေ့စ်ဘုတ်၏ ကိုယ်ပိုင်သုတေသနပေါက်ကြားမှုသည် လူမှုကွန်ရက်မီဒီယာ ပလက် ဖောင်း၏ သက်ရောက်မှုကြောင့် လူငယ်များ၏ ခန္ဓာကိုယ်အပြင်ပိုင်းသွင်ပြင်နှင့် စိတ်ကျန်းမာ ရေးတို့ကို ထိခိုက်စေနိုင်ကြောင်း“ ပြောကြားသည်။

ဖေ့စ်ဘုတ်၏ သြစတြေးလျနှင့် နယူးဇီလန်ဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒဒါရိုက်တာ မီယာဂါးလစ်က “ကုမ္ပဏီ သည် အဆိုပြုဥပဒေကို လေ့လာဆန်းစစ်နေကြောင်းနှင့် ယနေ့ မိမိတို့အားလုံး ကြုံတွေ့ရသည့် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာသစ်များ တိုးတက်မှုနှုန်းနှင့်အညီ သြစတြေးလျ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ဥပဒေများကို ကာကွယ်နိုင်ပေး နိုင်ရေးဆောင်ရွက်မှု ၏အရေးပါမှုသည်လည်း ပြောင်းလဲလာရသည့်အခြေအနေ” ကို နား လည်ကြောင်း ဆိုသည်။

ယခုအဆိုပြုထားသည့် စည်းမျဉ်းအသစ်များအရ သြစတြေးလျသည် လူမှုမီဒီယာများအတွက် အသက်အပိုင်းအခြား အလိုက်ထိန်းချုပ်သည့် စည်းကမ်းတင်းကျပ်သည့် နိုင်ငံများတွင် တစ်နိုင်ငံဖြစ်လာ တော့မည်ဖြစ်သည်။ မီဒီယာလုပ်ငန်းများ လိုင်စင်ကြေးပေးသွင်းရာတွင် နောက်ဆက်တွဲအားဖြင့် မဖြစ်မနေ လိုက်နာရန် လိုအပ်ခြင်းစသည့် မူဝါဒများဖြင့် ဘစ်တက်ခ်ဟုခေါ်သည့် နည်းပညာမြင့် ထိပ်သီးကုမ္ပဏီများ၏ သြဇာကြီးမှုကို အရှိန်သတ်ရန် ကြိုးပမ်းချက်အနေဖြင့် တည်ဆောက်လာခြင်း ဖြစ်ကာ အွန်လိုင်းသတင်းမှားများနှင့် အသရေဖျက်မှုများကို ကိုင်တွယ်မည့် ဥပဒေများဖြင့်လည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။