မလေးရှားဝန်ကြီးချုပ် မူဟီဒင်းယာဆင် ရာထူးမှနုတ်ထွက်

ဝန်ကြီးချုပ် မူဟီဒင်းယာဆင် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ၎င်း၏ နုတ်ထွက်လွှာအား မလေးရှားဘုရင်ထံ တင်သွင်းလိုက်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ခိုင်ရီဂျမာလူဒင်က ၎င်း၏ အင်စတာဂရမ်အကောင့်တွင် တနင်္လာနေ့၌ ရေးသားထားသည်။

16 Aug 2021

ဓာတ်ပုံ - Reuters

DMG ၊ ဩဂုတ် ၁၆

ဝန်ကြီးချုပ် မူဟီဒင်းယာဆင် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ၎င်း၏ နုတ်ထွက်လွှာအား မလေးရှားဘုရင်ထံ တင်သွင်းလိုက်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ခိုင်ရီဂျမာလူဒင်က ၎င်း၏ အင်စတာဂရမ်အကောင့်တွင် တနင်္လာနေ့၌ ရေးသားထားသည်။

ဝန်ကြီးချုပ် မူဟီဒင်း အုပ်ချုပ်မှုကာလ ၁၇ လအတွင်း စီမံခန့်မှုမှုများ ဖရိုဖရဲရှိနေခဲ့ကာ ၎င်း၏ မဟာမိတ်အဖွဲ့များထံမှလည်း ထောက်ခံမှု မရရှိတော့သည့်နောက်တွင် ယခုကဲ့သို့ နုတ်ထွက်စာ တင်သွင်းလိုက်ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်က ဖော်ပြသည်။

အသက် ရ၄ နှစ်အရွယ် ဝန်ကြီးချုပ်သည် တနင်္လာနေ့နံနက်ပိုင်းတွင် အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် ဘုရင်ထံသို့ နုတ်ထွက်စာတင်သွားရန် အမျိုးသားနန်းတော်ဆီ ထွက်ခွာသွားကြောင်း မူဟီဒင်းရုံးအဖွဲ့မှ ဝန်ကြီးတစ်ဦးဖြစ်သူ မိုဟာမက်ရက်ဇွန်၏ ပြောကြားချက်အရ သိရသည်။

မူဟီဒင်းသည် ပြီးခဲ့သောနှစ် မတ်လတွင် အာဏာရလာသူ ဖြစ်သဖြင့် မလေးရှားသမိုင်းတွင် သက်တမ်းအတိုဆုံး ဝန်ကြီးဖြစ်လာမည် ဖြစ်သည်။

သူ့အစိုးရသည် ပထမဆုံး တာဝန်ထမ်းဆောင်သည့် နေ့ကတည်းက အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။ လွှတ်တော်တွင်း ၎င်း၏ နေရာအများစု ရရှိမှုကို သံသယဝင်ခဲ့ကြသလို သူ၏ တရားဝင်မှုကိုလည်း အမြဲတမ်းဆိုသကဲ့သို့ မေးခွန်းထုတ်ခံရပြီး အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဗရာဟင်၏ စိန်ခေါ်မှုများကိုလည်း ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရသည်။

ယခုနှုတ်ထွက်မည့် ၎င်း၏နေရာအား မည်သူဆက်ခံမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သို့သော်လည်း နိုင်ငံတွင်း ကိုဗစ်ကပ်ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသလို စီးပွားရေးကျဆင်းမှုလည်း ကြုံနေရသည့်အတွက် လတ်တလောတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိသလောက် ဖြစ်သည်။