လောင်စာဆီဈေးနှုန်းမြှင့်တင်ဖို့ ရေနံတင်ပို့မှုလျှော့ချရန် OPEC အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားစီစဉ်

လက်တလောတွင် လျှော့ချထုတ်လုပ်ရမှုဝန်ထုပ်ဝန်ပိုး၏ ဝေစုအများစုကို ဆော်ဒီအာရေဗျနိုင်ငံက ခေါင်းခံတာဝန်ယူကာ လျှော့ချထုတ်လုပ်ပေးနေရသည်။ သို့သော် အချို့သောနိုင်ငံများမှာ ၎င်းတို့မျှော်မှန်းထားသည်ထက် ပိုမိုထုတ်လုပ်မှုများ ရှိနေသည်။

By Foreign Desk 07 Dec 2019

ပုံစာ - OPEC ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်မှစတင်ပြီး သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ကျင်းပလျက်ရှိသည်။ (ဓာတ်ပုံ - AP)

ရေနံထုတ်လုပ်တင်ပို့သောနိုင်ငံများအဖွဲ့အစည်း OPEC အဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏မဟာမိတ် ရုရှားနိုင်ငံတို့သည် ကမ္ဘာတဝမ်း လောင်စာနှင့်စွမ်းအင်ဈေးနှုန်းများကို မြှင့်တင်နိုင်ရန်အတွက် ရေနံတင်ပို့မှုကိုလျှော့ချရန် သောကြာနေ့(ဒီဇင်ဘာလ ၆ ရက်)က တိုင်ပင်ဆွေးနွေးလျက်ရှိကြကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းတို့သည် လွန်ခဲ့သော ၃ နှစ်ကသဘောတူညီခဲ့သော တစ်ရက်လျှင် ရေနံစည် ၁.၂ သန်းအထိလျှော့ချရန် သဘောတူညီမှုကို ဆက်လက်ထားရှိနိုင်ရန် မျှော်လင့်လျက်ရှိပြီး နောက်ထပ်တစ်ရက်လျှင် ရေနံစည် ၅၀၀၀၀၀ လျှော့ချတင်ပို့သွားရန်လည်း ဆွေးနွေးလျက်ရှိကြောင်း ရုရှားစွမ်းအင်ဝန်ကြီး အလက်ဇန္ဒားနိုဗက် ကပြောကြားသည်။

OPEC အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံမှ ရေနံထွက်ရှိမှုမြင့်တက်လာခြင်းကြောင့် ရေနံစိမ်းဈေးနှုန်းသည် ယခုနှစ်ပိုင်းများတွင် ကျဆင်းလျက်ရှိသည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် ရေနံလျှော့ချတင်ပို့မှုကို OPEC အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား မည်ကဲ့သို့ခွဲဝေဆောင်ရွက်ကြမည်ဆိုသည်ကို အဓိကထားဆွေးနွေးခဲ့ကြသည်။

လက်တလောတွင် လျှော့ချထုတ်လုပ်ရမှုဝန်ထုပ်ဝန်ပိုး၏ ဝေစုအများစုကို ဆော်ဒီအာရေဗျနိုင်ငံက ခေါင်းခံတာဝန်ယူကာ လျှော့ချထုတ်လုပ်ပေးနေရသည်။ သို့သော် အချို့သောနိုင်ငံများမှာ ၎င်းတို့မျှော်မှန်းထားသည်ထက် ပိုမိုထုတ်လုပ်မှုများ ရှိနေသည်။

အကယ်၍ အဖွဲ့ဝင်နိုင်ငံများက လက်ရှိသဘောတူညီမှုအတိုင်း လိုက်နာလျှော့ချထုတ်လုပ်ခြင်းမရှိလျှင် ပိုမိုလျှော့ချထုတ်လုပ်ရန်ဆွေးနွေးခြင်းမှာ အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ဟု လေ့လာသုံးသပ်သူများက မှတ်ချက်ပေးသည်။

အီရတ်၊ နိုင်ဂျီးရီးယားနှင့် ရုရှားတို့သည် အကြောင်းပြချက်အမျိုးမျိုးဖြင့် ၎င်းတို့၏ထုတ်လုပ်မှုအကန့်အသတ်ကို တိုင်းတာထားခြင်းမရှိသဖြင့် ယခုဆွေးနွေးပွဲမှထွက်ပေါ်လာမည့်ဆုံးဖြတ်ချက်၏ တစ်စိတ်တစ်ပိုင်းသည် သဘောတူညီမှု အပေါ်တွင် ပိုမို၍လိုက်နာဆောင်ရွက်မှုရှိအောင် မည်ကဲ့သို့ဆောင်ရွက်သွားမည်ဆိုသည်နှင့်သက်ဆိုင်လိမ့်မည်ဟု လေ့လာသုံးသပ်တစ်ဦးကပြောကြားသည်။

ကြာသာပတေးနေ့က ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၆၃ ဒေါ်လာဝန်းကျင်တဝိုက်တွင် ရှိခဲ့သည်။ ယခုနှစ်အတွင်းတွင် ရေနံစိမ်းဈေးနှုန်းမှာ တက်လိုက်၊ကျလိုက်ရှိခဲ့ပြီး အမေရိကန်က အီရန်နှင့် ဗင်နီဇွဲလားတို့အပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုချမှတ်ခဲ့သော ဧပြီလအတွင်းတွင် တစ်စည်လျှင် ၇၅ ဒေါ်လာအထိရှောက်ရှိခဲ့သည်။ သို့ရာတွင် အမေရိကန် နှင့် တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေးမျှော်မှန်းချက်များ လျော့ကျပြီး ရေနံစိမ်းဈေးနှုန်းမှာလည်း ပြန်လည်ကျဆင်းခဲ့သည်။

OPEC အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့က ရေနံထုတ်လုပ်တင်ပို့မှု လျှော့ချဖြတ်တောက်ခဲ့လျှင်ပင် အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ နော်ဝေနှင့် ဂူယန်နာ တို့အပါအဝင် OPEC အဖွဲ့ဝင် မဟုတ်သောနိုင်ငံများမှ ရေနံများမှာ ဈေးကွက်အတွင်း ပိုမို၍ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သောအခြေအနေကြောင့် ရုရှားနှင့် OPEC အဖွဲ့ဝင်နိုင်ငံများကလည်းအလွန်အမင်း လျှော့ချထုတ်လုပ်တင်ပို့ခြင်းကြောင့် ၎င်းတို့၏ ဈေးကွက်ဝေစုဆုံးရှုံးရခြင်း မဖြစ်စေရန် သတိပြုကြလိမ့်မည်ဟု  လေ့လာသုံးသပ်သူများက ခန့်မှန်းလျက်ရှိသည်။