မုဒိမ်းမှုကျူးလွန်ခံရသည့် မိန်းကလေး တရားရုံးသို့ အမှုရင်ဆိုင်ရန်သွားရောက်စဉ် မီးရှို့ခံရ

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မုဒိမ်းမှုကျူးလွန်ခံထားရသည့် အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တရားရုံးတွင် တရားလိုအဖြစ်နှင့် ကြားနာစစ်ဆေးမှုခံယူရန် သွားရောက်စဉ် လူတစ်စု၏ ဖမ်းဆီးမီးရှို့ခြင်းကို ခံခဲ့ရကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 06 Dec 2019

အမျိုးသမီးများမုဒိမ်းကျင့်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းကို တိုင်ကြားသော အမျိုးသမီးများ အသတ်ခံရခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ (ဓာတ်ပုံ - Getty Images)

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မုဒိမ်းမှုကျူးလွန်ခံထားရသည့် အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တရားရုံးတွင် တရားလိုအဖြစ်နှင့် ကြားနာစစ်ဆေးမှုခံယူရန် သွားရောက်စဉ် လူတစ်စု၏ ဖမ်းဆီးမီးရှို့ခြင်းကို ခံခဲ့ရကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါမိန်းကလေးသည် အိန္ဒိယနိုင်ငံ၊ ယူတာပရာဒေ့ရှ်ပြည်နယ်တွင် အမျိုးသားနှစ်ဦးအား သူမကို အဓမ္မပြုကျင့်မှုဖြင့် မတ်လအတွင်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုသို့တရားစွဲဆိုထားသည့်အမှုကို ကြားနာစစ်ဆေးမည့်ရုံးချိန်းသို့ သွားရောက်ရန် ဘူတာသို့သွားစဉ် အမျိုးသားတစ်စုက အတင်းအဓမ္မဆွဲခေါ်ကာ အနီးနားရှိ လယ်ကွင်းတစ်ခုထဲတွင် အရှင်လတ်လတ် မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ ယင်းမိန်းကလေးသည် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတွင်ကုသမှုခံယူရလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရ သည့်အခြေအနေတွင် ရှိနေသည်။

မိန်းကလေးအား ဖမ်းဆီးမီးရှို့မှုအတွက် သံသယရှိမှုဖြင့် အဆိုပါမိန်းကလေးက မုဒိမ်းမှုနှင့်တရားစွဲဆိုထားသော အမျိုးသား ၂ ဦးအပါအဝင် စုစုပေါင်း အမျိုးသား ၅ ဦးကိုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

ယခုအခင်းဖြစ်ပွားခဲ့သည်မှာ အွန်းနဲခရိုင်တွင်ဖြစ်ပြီး ယင်းခရိုင်တွင် ယခုတလောတွင် အခြားမုဒိမ်းမှုသတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဇူလိုင်လအတွင်းက အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးကို မုဒိမ်းမှုဖြင့် စွပ်စွဲတိုင်ကြားထားသော အမျိုးသမီးတစ်ဦး ကားတိုက်မှုတစ်ခုအတွင်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် ယင်းအမတ်ကို ရဲများက လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်မှာလည်း ဤခရိုင်မှာပင်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ယခုလက်တလောမှာပင် အမျိုးသမီးများ မုဒိမ်းကျင့်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းကို တိုင်ကြားသော အမျိုးသမီးများ အသတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိသည်ကိုလည်း တွေ့ရသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်က အမျိုးသမီးတစ်ဦး ဘက်စ်ကားတစ်စီးပေါ်တွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ကာ သတ်ဖြတ်ခံခဲ့ရပြီး နောက်တွင် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပေါ် အာရုံစိုက်မိပြီး ဆန့်ကျင်မှုများမြင့်တက်လာသော်လည်း လက်ရှိအချိန်ထိ သိသိသာသာလျော့ကျခြင်းမျိုး မရှိသေးချေ။

အိန္ဒိယအစိုးရက ထုတ်ပြန်သည့် နောက်ဆုံးရာဇဝတ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအရဆိုလျှင် ၂၀၁၇ ခုနှစ်အတွင်းတွင် အိန္ဒိယ၌ မုဒိမ်းမှု ၃၃၆၅၈ ထိရှိခဲ့ပြီး ပျမ်းမျှခြင်းအားဖြင့် တစ်ရက်လျှင် မုဒိမ်းမှု ၉၂ မှုအထိပင်ရှိခဲ့သည်ကို တွေ့ရသည်။