ယူကရိန်း ခွဲထွက်ဒေသများသို့ ရုရှားတပ်များ စေလွှတ်ရန် ပူတင်အမိန့်ပေး

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒေသနှစ်ခု၏ ခွဲထွက်ရေးကို ရုရှားသမ္မတပူတင်က အတည်ပြုလိုက်ပြီးနောက်တွင် အဆိုပါဒေသများသို့ ရုရှားတပ်ဖွဲ့များ စေလွှတ်ရန် အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 22 Feb 2022

ဓာတ်ပုံ - AP (ယခင် မှတ်တမ်းဓာတ်ပုံဟောင်း)

DMG | ဖေဖေါ်ဝါရီ ၂၂

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒေသနှစ်ခု၏ ခွဲထွက်ရေးကို ရုရှားသမ္မတပူတင်က အတည်ပြုလိုက်ပြီးနောက်တွင် အဆိုပါဒေသများသို့ ရုရှားတပ်ဖွဲ့များ စေလွှတ်ရန် အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် ဒွန်းညက်စ်နှင့် လူဟန့်စ်ဒေသနှစ်ခုကို ပူတင်က တရားဝင် အသိအမှတ်ပြုပြီးနောက်တွင် အဆိုပါဒေသများ၌ ‘ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်’ ဟုဆိုကာ ရုရှားတပ်ဖွဲ့များအား သမ္မတပူတင်က စေလွှတ်မိန့်ပေးခဲ့ခြင်း ဖြစ်သည်။

တင့်ကားများနှင့် အခြားသော စစ်ဘက်ဆိုင်ရာ အသုံးပစ္စည်းများအား ဒွန်းညက်စ်သို့ ပြောင်းရွှေ့နေသည်ကို မြင်တွေ့ခဲ့ရသည့် မျက်မြင်သက်သေတစ်ဦးက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

“ရှေးယခင်တည်းက  ချမှတ်ခဲ့သင့်သည့် ဒွန်းညက်စ်ပြည်သူ့သမ္မတနိုင်ငံနှင့် လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ တို့၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ချက်ချင်းအသိအမှတ်ပြုရေး ဆုံးဖြတ်ချက်အား ချမှတ်ရန် လိုအပ်လာပြီဟု မိမိယူဆ” ကြောင်း ပူတင်က ပြောကြားထားသည်။

ယူကရိန်းအရှေ့ပိုင်းတွင် ဒွန်းညက်စ်သမ္မတနိုင်ငံနှင့် လူဟန့်စ်သမ္မတနိုင်ငံ ခွဲထွက်မှုကို တရားဝင်အသိအမှတ်ပြုလိုက်သည့် ပူတင်၏ ကြေညာချက်အပေါ် နိုင်ငံတကာက ရှုတ်ချမှုများ ရှိသလို အမေရိကန်ပြည်ထောင်စုကလည်း အဆိုပါဒေသနှစ်ခုရှိ အမေရိကန်ပိုင် စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းပြီး ကုန်ပစ္စည်းတင်သွင်းမှုများကိုလည်း ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ယခုအရေးယူမှုများသည် ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်လာလျှင် အမေရိကန်နှင့် မဟာမိတ်များဘက်က အရေးယူရန် ပြင်ဆင်ထားသည့် ပိတ်ဆို့မှုများ မဟုတ်ဘဲ သီးခြားအရေးယူမှုများ ဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ ဂျန်ဆာကီက ပြောကြားသည်။

ရုရှားသည် ခွဲထွက်ရေးဒေသများအပါအဝင် ယူကရိန်းပတ်လည်၌ တပ်ဖွဲ့ဝင်အင်အား ၁၆၉၀၀၀ နှင့် ၁၉၀၀၀၀ အကြား နေရာချထားကြောင်း အမေရိကန်ပြည်ထောင်စုက သတိပြောကြားထားသည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်းတွင် ရုရှားသည် ယခင် အဖွဲ့ဝင်နိုင်ငံဟောင်းများအပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းလျက်ရှိပြီး ယူကရိန်းသည် ရုရှား၏ ရည်ရွယ်ချက်တွင် အရေးပါသောနေရာ၌ ရှိနေသည်။ ရုရှားသည် ခရိုင်းမီးယားကျွန်းဆွယ်ဒေသကိုလည်း ၂၀၁၄ ခုနှစ်တည်းက တိုက်ခိုက်သိမ်းယူထားသည်။

အချိန်ကြာမြင့်စွာ ပြောကြားထားသည့် ရုပ်သံမိန့်ခွန်း၌ ရုရှားသမ္မတပူတင်သည် အနောက်အုပ်စုအပေါ် မကျေနပ်ချက်များ အများအပြား ပြောကြားထားသလို ယူကရိန်းအရှေ့ပိုင်းသည် ရုရှား၏ ရှေးဟောင်းနယ်မြေဖြစ်ကြောင်းလည်း ပူတင်က ဒေါသတကြီး ပြောဆိုသည်။

ရုရှားရုပ်သံ၏ ထုတ်လွှင့်ချက်၌ ပူတင်သည် ရုရှားကျောထောက်နောက်ခံ ပေးထားသည့် ခွဲထွက်ရေးခေါင်းဆောင်များနှင့်အတူ ယူကရိန်းအရှေ့ပိုင်း ဒေသနှစ်ခု၏ သီးခြားနိုင်ငံ ထူထောင်ခွင့်ကို အသိအမှတ်ပြုသည့် စာချွန်လွှာ၌ လက်မှတ်ရေးထိုးနေသည်ကို ဖော်ပြထားသည်။

ပူတင်သည် သူ၏ ဆုံးဖြတ်ချက်အား ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်များထံ အစောပိုင်းတွင် ဖုန်းဆက်အသိပေးခဲ့သည်ဟု ကရင်မလင်က ထုတ်ပြန်သည်။

ခွဲထွက်ရေးဒေသများအား အသိအမှတ်ပြုခြင်းသည် ပြင်သစ်နှင့် ဂျာမနီတို့ ပြဋ္ဌာန်းခဲ့သည့် ခုနစ်နှစ်ကြာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လိုက်ခြင်း ဖြစ်သဖြင့် ယူကရိန်းအရေးအား သံတမန်နည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းရန် ခက်ခဲသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။