- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာနှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု ရုရှားပြော
မြန်မာနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်သွားရန် မော်စကိုက ဆုံးဖြတ်ထားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂုက အလည်အပတ် ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြောကြားခဲ့ကြောင်း RIA ရုရှားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
24 Jun 2021
DMG ၊ ဇွန် ၂၄
မြန်မာနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်သွားရန် မော်စကိုက ဆုံးဖြတ်ထားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂုက အလည်အပတ် ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြောကြားခဲ့ကြောင်း RIA ရုရှားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
အင်္ဂါနေ့နှောင်းပိုင်းက ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂုက “နှစ်နိုင်ငံအကြား တည်ဆောက်ထားတဲ့ အပြန်အလှန် နားလည်မှု၊ လေးစားမှု ယုံကြည်မှုတို့အပေါ် အခြေခံပြီး နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်အောင် အားထုတ်မှုတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း RIA က ဖော်ပြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုသီတင်းပတ်အတွင်း ကျင်းပသည့် လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေသည်။
ရုရှားကာကွယ်ရေးဝန်ကြီးအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား၏ အကူအညီကြောင့် မိမိတို့စစ်တပ်သည် ဒေသတွင်း အားအကောင်းဆုံး စစ်တပ်များအနက် တစ်ခု ဖြစ်လာခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ TASS တွင် ဖော်ပြထားသည်။
ရုရှားနှင့် မြန်မာအကြား ခင်မင်ရင်းနှီးမှုသည် ပိုမို အားကောင်းသထက် အားကောင်းလာကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ဆိုသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများက ရုရှားအစိုးရသည် မြန်မာစစ်အုပ်စုအား လက်နက်ရောင်းချမှုများ၊ အပြန်အလှန် အလည်အပတ် ခရီးစဉ်များဖြင့် တရားဝင် အသိအမှတ်ပြုနေကြောင်း စွပ်စွဲထားသည်။
ရုရှားကမူ မြန်မာနိုင်ငံတွင် အရပ်သားသေဆုံးမှု မြင့်တက်လာခြင်းအပေါ် အလေးအနက် စိုးရိမ်မိကြောင်း မတ်လအတွင်း ပြောကြားခဲ့သည်။
ရုရှားနှင့် မြန်မာနိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးသည် ပြီးခဲ့သည့် နှစ်များအတွင်း ပိုမိုအားကောင်းခဲ့သည်။
ရုရှားအစိုးရသည် မြန်မာအား စစ်သင်တန်းများပေးခြင်း၊ တပ်မတော်သား ထောင်နှင့်ချီ တက္ကသိုလ်ပညာသင်ဆုများ ချီးမြှင့်ခြင်းတို့ရှိခဲ့ပြီး အနောက်နိုင်ငံ အများအပြားက အမည်ပျက်စာရင်း သွင်းထားသည့် မြန်မာစစ်တပ်ကိုလည်း လက်နက်များ ရောင်းချလျက်ရှိသည်။
ရုရှားသည် ဇွန်လ ၁၈ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင်လည်း မြန်မာ့အာဏာသိမ်းမှုအား ရှုတ်ချသည့် အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ကြားနေမဲပေးခဲ့သည်။