တရုတ်ပြည်ထဲတွင် ရုရှားက စစ်သုံးဒရုန်းများ လျှို့ဝှက်ထုတ်လုပ်ရန် စီစဉ်နေ

ရိုက်တာသတင်းဌာနက ရရှိထားသည့် မှတ်တမ်းများထဲမှ တစ်ခုတွင် ယခုနှစ်အစောပိုင်း၌ Kupol က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနထံသို့ ပေးပို့သော အစီရင်ခံစာတစ်စောင်လည်း ပါဝင်ပြီး အဆိုပါအစီရင်ခံစာ၌ ကုမ္ပဏီ၏ လုပ်ငန်းစဉ်အကြောင်းကို ရှင်းပြထားသည်။

By Admin 26 Sep 2024

ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့ရှိ ဒရုန်းထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် လာရောက်စစ်ဆေးနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Sputnik
ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့ရှိ ဒရုန်းထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် လာရောက်စစ်ဆေးနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Sputnik

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုမည့် တာဝေးသုံး ဒရုန်းများ ထုတ်လုပ်ရန်အတွက် တရုတ်ပြည်ထဲတွင် လက်နက်စီမံကိန်းတစ်ရပ် လျှို့ဝှက်အကောင်အထည် ဖော်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဥရောပ ထောက်လှမ်းရေး သတင်းရင်းမြစ် နှစ်ခုနှင့် မှတ်တမ်းများကို ကိုးကားပြီး ရိုက်တာက ယခုကဲ့သို့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ရုရှားအစိုးရပိုင် လက်နက်ကုမ္ပဏီ Almaz-Antey ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် IEMZ Kupol သည် တရုတ်ပြည်အတွင်း၌ ဒေသခံပညာရှင်များ၏ အကူအညီဖြင့် Garpiya-3 (G-3) ဟု အမည်ပေးထားသည့် ဒရုန်းမိုဒယ် အသစ်တစ်မျိုးကို တီထွင်စမ်းသပ်ထားပြီဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။ 

ရိုက်တာသတင်းဌာနက ရရှိထားသည့် မှတ်တမ်းများထဲမှ တစ်ခုတွင် ယခုနှစ်အစောပိုင်း၌ Kupol က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနထံသို့ ပေးပို့သော အစီရင်ခံစာတစ်စောင်လည်း ပါဝင်ပြီး အဆိုပါအစီရင်ခံစာ၌ ကုမ္ပဏီ၏ လုပ်ငန်းစဉ်အကြောင်းကို ရှင်းပြထားသည်။

မိမိတို့အနေဖြင့် တရုတ်ပြည်ထဲရှိ စက်ရုံတစ်ခု၌ G3 အပါအဝင် ဒရုန်အများအပြားကို အလိုရှိသလောက် ထုတ်လုပ်နိုင်ပြီဖြစ်သဖြင့် အဆိုပါလက်နက်များကို ယူကရိန်းရှိ အထူးစစ်ဆင်ရေးတွင် အသုံးပြုနိုင်ပြီဟုလည်း Kupol က ပေးပို့သည့် နောက်ဆက်တွဲ အစီရင်ခံစာ၌ ဖော်ပြထားသည်။ မော်စကိုသည် ယူကရိန်းကျူးကျော်စစ်အား “အထူးစစ်ဆင်ရေး” ဟု သုံးနှုန်းသည်။

ယခုသတင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာနက Kupol ၊ Almaz-antey နှင့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနတို့ထံ ဆက်သွယ်ခဲ့ရာ တစုံတရာ အကြောင်းမပြန်ပေ။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ယခုကဲ့သို့ စီမံကိန်းမျိုး ရှိသည်ဟု မိမိတို့ မကြားမိကြောင်းနှင့် တရုတ်အနေဖြင့် ဒရုန်း သို့မဟုတ် မောင်းသူမဲ့ပျံသန်းရေးယာဉ်များ တင်ပို့ရောင်းချမှုတွင် တင်းကျပ်သော စည်းမျှဉ်းစည်းကမ်းများ ချမှတ်ထားကြောင်း ရိုက်တာသို့ ဖြေကြားသည်။

G3 ဒရုန်းသည် ကီလိုမီတာ နှစ်ထောင် (မိုင် ၁၂၀၀ ကျော်) အကွာအဝေးအထိ ပျံသန်းနိုင်ပြီး အလေးချိန် ၅၀ ကီလိုဂရမ်အထိ သယ်ယူနိုင်ကြောင်း Kupol မှ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနသို့ ပေးပို့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

တရုတ်ပြည်တွင်း၌ ထုတ်လုပ်ထားသည် G3 နှင့် အခြားဒရုန်းများကို ထပ်မံစမ်းသပ်ရန် ရုရှားရှိ Kupol ကုမ္ပဏီသို့ ပေးပို့ထားပြီဖြစ်ကာ ရုရှားပြည်တွင် စမ်းသပ်မှုများ၌လည်း တရုတ်ပညာရှင်များ ကူညီဦးမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။