- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရုရှားစာသင်ကျောင်း ပစ်ခတ်မှု ၉ ဦးထက်မနည်း သေဆုံး
ရုရှားနိုင်ငံအလယ်ပိုင်း ကာဇန်းမြို့ရှိ အထက်တန်းစာသင်ကျောင်း တစ်ခုတွင် အင်္ဂါနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၉ ဦးထက်မနည်း သေဆုံးကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
12 May 2021
DMG ၊ မေ ၁၂
ရုရှားနိုင်ငံအလယ်ပိုင်း ကာဇန်းမြို့ရှိ အထက်တန်းစာသင်ကျောင်း တစ်ခုတွင် အင်္ဂါနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၉ ဦးထက်မနည်း သေဆုံးကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အင်္ဂါနေ့နံနက်ပိုင်းတွင် သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၈ တန်းကျောင်းသား ရ ဦး၊ ဆရာတစ်ဦးနှင့် ကျောင်းဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားသည်။ လက်ရှိတွင် ဒဏ်ရာကြောင့် ဆေးရုံတက် ကုသနေရသူ ၂၁ ဦးရှိကြောင်းလည်း အာဏာပိုင်များက ဖြည့်စွက် ပြောကြားသည်။
ရုရှားမီဒီယာက ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ကျောင်းသားများသည် အဆောက်အအုံထဲမှ ပြေးထွက်လာကြသည်ကို တွေ့မြင်ရသည်။ နောက်ဗီဒီယိုတစ်ဖိုင်၌လည်း မှန်များ ကွဲကြေနေသည်ကို တွေ့ရကာ နောက်ကွယ်၌ မီးခိုးလုံးများ အလိပ်လိပ်တက်နေပြီး သေနတ်သံဟု ယူဆရသည့် အသံများလည်း ကြားရသည်။
တိုက်ခိုက်မှုများ အပြီးတွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းဝင်းကို ပိတ်ထားလိုက်ပြီး စာသင်ကျောင်း ဝင်ပေါက်တွင်လည်း လူနာတင်ကား အများပြား ရပ်တန့်ထားသည်ကို တွေ့ရသည်။
ပစ်ခတ်မှု ပြုလုပ်သူအား ဖမ်းဆီးထားပြီဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။
“အကြမ်းဖက်သူကို ဖမ်းမိထားပါပြီ။ အသက် ၁၉ နှစ်အရွယ်ပါ။ သူ့နာမည်နဲ့ သေနတ်တစ်လက် မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။ စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပါပြီ” ဟု အုပ်ချုပ်ရေးမှူး ရူစတန်မီနီခါနော့က ပြောကြားသည်။
ဆေးရုံတက်ရောက် ကုသခံနေရသူများအနက် ၁၈ ဦးမှာ ကလေးများဖြစ်ကာ အသက်အန္တရာယ် စိုးရိမ်ရသူ ၆ ဦးပါဝင်သည်။
လက်ရှိအချိန်၌ ကာဇန်းမြို့ရှိ စာသင်ကျောင်းများအားလုံးတွင် လုံခြုံရေးများ ဖြည့်တင်း ချထားပြီဖြစ်သည်။
ရုရှားတွင် စာသင်ကျောင်း ပစ်ခတ်မှုများ ဖြစ်လေ့ဖြစ်ထ အလွန်နည်းသော်လည်း ပြီးခဲ့သောနှစ်များအတွင်း စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု အများအပြား ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူအများစုမှာလည်း ကျောင်းသားများဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။