အိမ်နီးချင်းနိုင်ငံများက လေကြောင်းဖြတ်သန်းခွင့် မပြုသဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ဆားဘီးယားခရီးစဉ် ဖျက်သိမ်းလိုက်ရ

ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ဆားဘီးယားနိုင်ငံသို့ တနင်္လာနေ့သွားရောက်ရန် စီစဉ်ထားသော်လည်း အိမ်နီးချင်းနိုင်ငံ အများအပြားက သူ၏လေယာဉ်အား ၎င်းတို့လေကြောင်းပိုင်နက်မှ ဖြတ်သန်းခွင့်မပေးသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

07 Jun 2022

ဓာတ်ပုံ - ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့အား ၂၀၂၂ ဇွန်လ ၁ ရက်နေ့က ဆော်ဒီတွင်ကျင်းပသည့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇွန် ၇

ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် ဆားဘီးယားနိုင်ငံသို့ တနင်္လာနေ့သွားရောက်ရန် စီစဉ်ထားသော်လည်း အိမ်နီးချင်းနိုင်ငံ အများအပြားက သူ၏လေယာဉ်အား ၎င်းတို့လေကြောင်းပိုင်နက်မှ ဖြတ်သန်းခွင့်မပေးသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆားဘီးယားသည် ယူကရိန်းကို ရုရှားတို့ကျူးကျော်စစ် ဆင်နွှဲပြီးနောက် ဥရောပတွင် ကျန်ရှိခဲ့သော လက်တစ်ဆုပ်စာ ရုရှားမဟာမိတ်များအနက် တစ်နိုင်ငံဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့သည် ဘဲလ်ဂရိတ်တွင် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံရန်စီစဉ်ထားခြင်း ဖြစ်သည်။

“ဆားဘီးယားကို ဦးတည်ထွက်ခွာလာတဲ့ ဝန်ကြီး ဆာဂေးလာဗရော့ရဲ့ လေယာဉ်ကို ဆားဗီးယားနိုင်ငံ ပတ်ပတ်လည်က အိမ်နီးချင်းနိုင်ငံတွေက သူတို့လေကြောင်းပိုင်နက်ကနေ ဖြတ်သန်းခွင့် ငြင်းပယ်လိုက်ပါတယ်” ဟု ဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး မာရီယာဇာခါရိုဗာက ပြောကြားကြောင်း ရုရှားသတင်းဌာနများက ဖော်ပြကြသည်။

ဘူဂေးရီးယား၊ မက်ဆီဒိုးနီးယားနှင့် မွန်တီနီဂရိုးနိုင်ငံတို့သည် ၎င်းတို့၏ လေကြောင်းပိုင်နက်ကို အသုံးပြုခွင့် ငြင်းပယ်ခဲ့ကြသည်ဟု ဆားဘီးယန်း သတင်းဌာန Vecernje Novosti က ပြောကြားသည်။

လာဗရော့သည် သမ္မတ အလက်ဇန်းဒါးဗျူဆစ်၊ နိုင်ငံခြားရေးဝန်ကြီး နီကိုလာဆယ်လာကိုဗစ်တို့နှင့် တွေ့ဆုံရန်စီစဉ်ထားခဲ့သည်။

ဆားဘီးယားသည် ရုရှား၏ ယူကရိန်းအပေါ် စစ်ရေးအရ ဆောင်ရွက်မှုကို ရှုတ်ချထားသော်လည်း မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လျက်ရှိသည့် ဥရောပသမဂ္ဂ၏ လုပ်ရပ်များနှင့် ပူးပေါင်းပါဝင်ခြင်း မရှိပေ။ ရုရှားနှင့်ဆားဘီးယားသည် ကာလရှည်ကြာ အနီးကပ်ဆက်ဆံရေး ရှိထားသလို ဘဲလ်ဂရိတ်သည် ရုရှားထံမှ သဘာဝဓာတ်ငွေ့ သုံးနှစ်စာဝယ်ယူရန် မကြာသေးမီကမှ စာချုပ်အသစ် ချုပ်ဆိုထားသည်။