ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ရ၀ ရာခိုင်နှုန်း ပြည့်မီပြီးနောက် ဆစ်ဒနီတွင် လာမည့်သီတင်းပတ် လော့ဒေါင်း ပယ်ဖျက်မည်

ဩစတြေးလျ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီမြို့တွင် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးမှု သတ်မှတ်ချက် ရ၀ ရာခိုင်နှုန်းသို့ ရောက်ရှိပြီးနောက် လေးလနီးပါး လော့ဒေါင်း ချထားခြင်းမှ ပယ်ဖျက်ရန် စီစဉ်နေပြီး အောက်တိုဘာလ ၁ ရက် တနင်္လာနေ့ မှစတင်၍ ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ထပ်မံဖြေလျှော့ပေးသွားမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။

10 Oct 2021

(ဓာတ်ပုံ - Reuters/Loren Elliott)

DMG ၊ အောက်တိုဘာ ၁၀

ဩစတြေးလျ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီမြို့တွင် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးမှု သတ်မှတ်ချက် ရ၀ ရာခိုင်နှုန်းသို့ ရောက်ရှိပြီးနောက် လေးလနီးပါး လော့ဒေါင်း ချထားခြင်းမှ ပယ်ဖျက်ရန် စီစဉ်နေပြီး အောက်တိုဘာလ ၁ ရက် တနင်္လာနေ့ မှစတင်၍ ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ထပ်မံဖြေလျှော့ပေးသွားမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။

New South Wales ပြည်နယ်ရှိ ကာကွယ်ဆေးအပြည့်အဝ ထိုးထားသောသူများအနေဖြင့် မည့်သည့်အကြောင်းကြောင့်မဆို မိမိနေအိမ်မှထွက်နိုင်ပြီး တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ကြမည့် အရက်ဆိုင်များ၊ လက်လီစတိုးဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် အားကစားရုံများသို့ သွားလာနိုင်တော့မည် ဖြစ်သည်။

ကာကွယ်ဆေးထိုးထားပြီး ခရီးသွားဧည့်သည်များ အိမ်တစ်အိမ်တွင် စုဝေးနိုင်သည့် အရေအတွက်အား နှစ်ဆတိုးကာ ၁၀ ယောက်အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး မင်္ဂလာပွဲများနှင့် ဈာပနအခမ်းအနားများတွင်မူ ကာကွယ်ဆေးထိုးထားပြီး တက်ရောက်နိုင်သည့် ဦးရေကန့်သတ်ချက်ကို အယောက် ၁၀၀ အထိ တိုးမြှင့်ပေးသွားမည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှု ၈၀ ရာခိုင်နှုန်းသို့ ရောက်ရှိသည်နှင့်တပြိုင်နက် ကာကွယ်ဆေးထိုးပြီးထားသူများ အတွက် နိုက်ကလပ်များကို ယခင်က စီစဉ်ထားသည်ထက်စောပြီး တစ်စိတ်တစ်ပိုင်းခန့် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ရုံးများတွင်လည်း နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဆင်ရန် လိုအပ်တော့မည်မဟုတ်ပေ။

ဒီဇင်ဘာလ ၁ ရက်နေ့ မတိုင်မီအထိ တင်းကျပ်သော အိမ်တွင်းနေထိုင်ရမည့် အမိန့်အောက်တွင်  ကာကွယ်ဆေးအပြည့် မထိုးရသေးသူများ သေချာစွာရှိနေစေရန်အတွက်   ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေပြရသည့်စနစ်ကို အစိုးရက အသုံးပြုမည်ဖြစ်သည်။

သြစတြေးလျအစိုးရသည် ကိုဗစ်-၁၉ ဒဲလ်တာမျိုးကွဲ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် နိုင်ငံ၏ အကြီးဆုံးမြို့များဖြစ်သော ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့အပြင် နိုင်ငံ၏မြို့တော် ကန်ဘာရာ ကိုပါ ရက်သတ္တပတ် အတန်ကြာ လော့ဒေါင်းချ ကန့်သတ်ခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် နှစ်စဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံ ရရှိသော သြစတေးလျနိုင်ငံ၏ စီးပွားရေးကို ၂ နှစ်အတွင်းတွင် ဒုတိယမ္မိ စီးပွားရေးကျဆင်းမှု ဖြစ်လုဆဲ အခြေအနေသို့ရောက်ရှိရန် တွန်းပို့နေကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။