ကိုရိုနာအရေးနှင့် စင်ကာပူရွှေ့ပြောင်းလုပ်သားများ၏ ဒုက္ခ

ကျန်းမာရေးနှင့်မညီညွတ်သော အလုပ်သမားဆောင်များ၏ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာပြီးနောက် စင်ကာပူအာဏာပိုင်များသည် ထိုနေရာများကို အကူအညီပေးမှုများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အလုံးစုံပိတ်ဆို့ခံထားရသော အလုပ်သမားများအား အစားအစာများ ထောက်ပံ့ခြင်းနှင့်အတူ အဆောင်သန့်ရှင်းရေး လုပ်ငန်းများအား တိုးမြှင့်လုပ်ကိုင်ပေးခဲ့သည်။

By မေမိုး 10 Apr 2020

စင်ကာပူနိုင်ငံရှိ ရွှေ့ပြောင်းဆောက်လုပ်ရေးအလုပ်သမား ၂၈၀,၀၀၀ ခန့်သည် များသောအားဖြင့် ပြည့်ကျပ်နေသော အခန်းကျဉ်းများတွင် နေထိုင်ကြရခြင်းဖြစ်သည်။ (ဓာတ်ပုံ-AFP)

စင်ကာပူနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အတွက် အချင်းချင်း ခပ်ခွာခွာနေရန် (Social Distancing) မဖြစ် နိုင်လောက်အောင် ကြပ်ညှပ်ပြည့်သိပ်ပြီး ညစ်ပေနေသည့် အဆောင်များတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု တရှိန်ထိုး မြင့်တက်လာပြီးနောက်ပိုင်းတွင် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။

ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာခြင်းနှင့် ရင်ဆိုင်နေရသည့် စင်ကာပူကဲ့သို့ မြို့ပြနိုင်ငံလေးတွင် လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ ၁၆၀၀ ကျော်ရှိနေပြီဖြစ်သည်။

စင်ကာပူတွင် သောင်းနှင့်ချီသော အလုပ်သမားများနေထိုင်သည့် အိမ်ရာကြီးလေးခုကို ယခု သီတင်းပတ်မှစ၍ သီးခြား အသွားအလာ ထိန်းချုပ်စောင့်ကြည့်ရန် အာဏာပိုင်များက စီစဉ်လျက်ရှိသည်။ ၎င်းအလုပ်သမားအများစုမှာ တောင်အာရှနိုင်ငံများမှ ဖြစ်သည်။

ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန်အတွက် အချင်းချင်းခပ်ခွာခွာနေရန်မှာ မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်လူမျိုး အလုပ် သမားတစ်ဦးက အေအက်ဖ်ပီ ကို ပြောကြားခဲ့သည်။ ၎င်းမှာ ကူးစက်မှုများရှိသည်ဟု အများက သိထားကြပြီး အလုံးစုံ ပိတ်ဆို့ထားခြင်း (Locked down) မရှိသေးသည့်အဆောင်တွင် နေထိုင်သူ ဖြစ်သည်။

“အခန်းကျဉ်းလေးထဲမှာ လူ ၁၂ ယောက် နေကြရတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ် ခပ်ခွာခွာနေလို့ရမှာလဲ” ဟု အမည် မဖော်လိုသူ အလုပ်သမားတစ်ဦးက အေအက်ဖ်ပီသို့ပြောကြားသည်။

သန့်ရှင်းရေးအဆင့်မှာ အလွန်ဆိုးဝါးနေကြောင်းနှင့် အလုပ်သမားများသည် အများသုံး ချက်ပြုတ်သည့်နေရာနှင့် အိမ်သာ ကိုလည်း မျှဝေအသုံးပြုနေရကြောင်း သူက ဆိုသည်။

အဆိုပါ အဆောင်နေသူများမှာ မြို့တော်၏ မိုးမျှော်တိုက်များ၊ ကုန်တိုက်ကြီးများ တည်ဆောက်မှုမှ တစ်လလျှင် ဒေါ်လာ ၄၀၀ မှ ၅၀၀ ခန့် ဝင်ငွေရရှိသည့် ဆောက်လုပ်ရေးလုပ်သားများဖြစ်သည်။

ကန့်သတ်စောင့်ကြည့်ခံ နေရာတစ်ခုတွင် နေထိုင်နေသည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးက ၎င်းတို့ အလုပ်သမားများ အနေဖြင့် လက္ခဏာမပြဘဲ ကူးစက်မှုများ တိုးပွားလာခြင်းအပေါ် စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့အားလုံး အင်မတန် ပူပန်နေကြရပါတယ်။ ဒီရက်ပိုင်းမှာ ဘာရောဂါလက္ခဏာမှမပြဘဲ ကူးစက်ခံနေရတဲ့လူတွေ များလာနေတယ် ဆိုတာကို ကျွန်တော်တို့ကြားနေရတယ်” ဟု သူကဆိုသည်။

ဘေးအန္တရာယ်ကို လက်ယပ်ခေါ်နေခြင်းလော

စင်ကာပူနိုင်ငံရှိ ရွှေ့ပြောင်းဆောက်လုပ်ရေးအလုပ်သမား ၂၈၀,၀၀၀ ခန့်မှာ ဈေးဆိုင်များ၊ အခြား အဆောင်အယောင်၊ အသုံးအဆောင်များပါသည့် ပြည့်ကျပ်နေသော အခန်းကျဉ်းလေးများတွင် အများအားဖြင့် နေထိုင်ကြရသည်။ အဆိုပါ အဆောင်များသည် မြို့၏ချောင်ကျသော နေရာများတွင်ရှိပြီး စင်ကာပူနိုင်ငံသားများ နေထိုင်မှု မရှိသလောက်ဖြစ်သည်။

ဆောက်လုပ်ရေးအလုပ်သမားများ နေထိုင်သော အဆောင်များသည် မြို့၏ချောင်ကျသော နေရာများတွင်ရှိပြီး ထိုနေရာများတွင် စင်ကာပူနိုင်ငံသားများ နေထိုင်မှု မရှိသလောက်ဖြစ်သည်။ (ဓာတ်ပုံ-AFP)

အလုပ်သမားများသည် အညစ်အကြေးများဖြင့် ပြည့်နှက်နေသည့် အိမ်သာများ၊ ပိုးဟပ်များသောင်းကျန်းနေသော အိပ်ဆောင်အခန်းများတွင် နေထိုင်ကြရသည်။

“ကျွန်တော်တို့ ဗိုင်းရပ်စ်သဘောသဘာဝနဲ့ ဘယ်လိုပြန့်တယ်ဆိုတာ သိကြပါတယ်၊ ဒီအတိုင်း ဆက်ပြီး နေထိုင်သွားကြရမယ်ဆိုရင် ကျွန်တော်တော့ အရမ်းစိုးရိမ်မိပါတယ်” ဟု အဆောင်နေအလုပ်သမားတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

စင်ကာပူကဲ့သို့ ချမ်းသာသည့်နိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံခြားသား အလုပ် သမားများအပေါ် အလွန်ဆိုးဝါးသော ဆက်ဆံမှုမျိုးဟု ဝေဖန်ရေးသမားများ ပြောဆိုထားမှုကို ယခုအခြေအနေများက ပေါ်လွင်စေကြောင်း စထရိတ်တိုင်းမ် သတင်းစာတွင် ဖော်ပြပါရှိသည်။

ကျန်းမာရေးနှင့်မညီညွတ်သော အလုပ်သမားဆောင်များ၏ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာပြီးနောက် စင်ကာပူအာဏာပိုင်များသည် ထိုနေရာများကို အကူအညီပေးမှုများ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အလုံးစုံပိတ်ဆို့ခံထားရသော အလုပ်သမားများအား အစားအစာများ ထောက်ပံ့ခြင်းနှင့်အတူ အဆောင်သန့်ရှင်းရေး လုပ်ငန်းများအား တိုးမြှင့်လုပ်ကိုင်ပေးခဲ့သည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ကမူ အလုပ်သမားများအား သီးသန့်စုပြုံပိတ်ဆို့ထားခြင်းသည် အန္တရာယ်ကို လက်ယပ်ခေါ်သကဲ့သို့သာ ဖြစ်နေကြောင်း သတိပေးထားသည်။

“သီးသန့်နေထိုင်ခွင့်မရဘဲ လူဦးရေပြွတ်သိပ်နေတဲ့ ရပ်ကွက်တွေထဲ နေထိုင်ရတဲ့ အလုပ်သမားတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ အများဆုံးပါပဲ” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာဖွဲ့၏ စင်ကာပူနိုင်ငံဆိုင်ရာသုတေသီ ရေချယ် ချာဟိုး ဟောင်းဝပ်က ပြောကြားသည်။

နောက်ဆုံးအခြေအနေ

စင်ကာပူတွင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦးရှိပြီး ကူးစက်မှု စုစုပေါင်း ၁,၆၂၃ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။ ပြန်လည်ကောင်းမွန်လာသူမှာ ၄၆၀ ဦးရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ဧပြီလ ၁၀ ရက် နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁.၆ သန်းကျော်သွားပြီ ဖြစ်သလို သေဆုံးသူဦးရေမှာလည်း ၉ သောင်းခွဲ (၉၅,၈၁၃) ရှိနေပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ ဦးရေမှာ ၃ သိန်းခွဲခန့်ရှိသည်။

မေမိုး
(ကိုးကား - AFP, Wordometer, WHO)