- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
အမေရိကန်၊ ယူကေနှင့် ကနေဒါတို့ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်
အရပ်သားပြည်သူများအပေါ် ပြင်းထန်ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်နှင့် ဆက်စပ်သော အဖွဲ့အစည်းလေးခုကို အမေရိကန်၊ ယူကေနှင့် ကနေဒါတို့ ပူးပေါင်းပြီး ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ကြောင်း အဆိုပါနိုင်ငံများက ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။
12 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၂
အရပ်သားပြည်သူများအပေါ် ပြင်းထန်ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်နှင့် ဆက်စပ်သော အဖွဲ့အစည်းလေးခုကို အမေရိကန်၊ ယူကေနှင့် ကနေဒါတို့ ပူးပေါင်းပြီး ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ကြောင်း အဆိုပါနိုင်ငံများက ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့က ချမှတ်လိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ထောက်ချုပ်ရုံး၊ စစ်တပ်အတွက် လက်နက်ပစ္စည်းများ ထုတ်လုပ်ပေးနေသည့် ကာကွယ်ရေးပစ္စည်း ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများအဖွဲ့တို့ ပါဝင်သည်။
အဆိုပါ အဖွဲ့အစည်းများသည် မြန်မာစစ်တပ်အတွက် အဓိကကျသော ထောက်ပံ့ရေးကွင်းဆက်များ ဖြစ်ပြီး ပြည်သူများအပေါ် စစ်တပ်၏ဖိနှိပ်မှုကို ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်စေကြောင်း ယူကေအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူမှု ခံရသူများတွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကို၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့လည်း ပါဝင်သည်။
ယခုကဲ့သို့ မိမိတို့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သူများသည် ဒီမိုကရေစီအပေါ် တိုက်ခိုက်မှု၊ ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပမ်းမှုများတွင် ပါဝင်ပတ်သက်နေသူများ ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် လာမည့်သီတင်းပတ်တွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိပြီး မြန်မာနိုင်ငံအရေးကိုပါ ထည့်သွင်းဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချကာ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူ အရပ်သားစုစုပေါင်း ၁၃၀၀ ကျော် ရှိနေပြီဖြစ်ကာ ၎င်းတို့အနက် ကလေးငယ် ရ၅ ဦးထက်မနည်းလည်း ပါဝင်နေကြောင်း ကုလသမဂ္ဂ၏ ပြောကြားချက်များအရ သိရသည်။