မှတ်တမ်းအရ ၂၀၂၀ တွင် အာရှသည် အပူချိန်အမြင့်ဆုံး ခံစားခဲ့ရဟု ကုလသမဂ္ဂအဖွဲ့ ပြော

မှတ်တမ်းအရ ၂၀၂၀ ခုနှစ်တွင် အာရှဒေသသည် အပူအလွန်ကဲဆုံး ခံစားခဲ့ရသည် ဟု ၂၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိပ်သီးညီလာခံ (COP26) မတိုင်မီ အင်္ဂါနေ့တွင် ကမ္ဘာ့ကုသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။ ထိုပြင်းထန်လွန်ကဲသော ရာသီဥတုကြောင့် အာရှတိုက်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။

29 Oct 2021

Photo-AFP

DMG ၊ အောက်တိုဘာ ၂၉

မှတ်တမ်းအရ ၂၀၂၀ ခုနှစ်တွင် အာရှဒေသသည် အပူအလွန်ကဲဆုံး ခံစားခဲ့ရသည် ဟု ၂၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံများ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိပ်သီးညီလာခံ (COP26) မတိုင်မီ အင်္ဂါနေ့တွင် ကမ္ဘာ့ကုသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။ ထိုပြင်းထန်လွန်ကဲသော ရာသီဥတုကြောင့် အာရှတိုက်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။

လွန်ကဲသောရာသီဥတုကြောင့် အာရှဒေသကြီး၏ နယ်မြေဒေသ အစိတ်အပိုင်းတိုင်းကို  ထိခိုက်စေခဲ့သည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့ မိုးလေဝသဆိုင်ရာ အဖွဲ့အစည်းက "အာရှဒေသရှိ ရာသီဥတု အခြေအနေ" နှစ်စဉ်အစီရင်ခံစာတွင် တင်ပြထားသည်။

"၂၀၂၀ ခုနှစ်အတွင်း အာရှတလွှား ပြင်းထန်လွန်ကဲသောရာသီဥတုနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ သက်ရောက်မှုများက ထောင်ပေါင်းများစွာသော လူများ၏အသက် ဆုံးရှုံးမှုကိုဖြစ်စေကာ သန်းပေါင်းများစွာသော လူတို့ကို အိမ်ပစ်ရာပစ် ပြေးရစေခဲ့ပြီး  ဒေါ်လာဘီလီယံ ရာနှင့်ချီ၍ ဆုံးရှုံးစေခဲ့ရသည်။ တဆက်တည်းမှာပင် သက်ရှိဂေဟစနစ်များနှင့် အခြေခံအဆောက်အအုံများအပေါ် ကြီးကြီးမားမား ထိခိုက်ပျက်စီးစေခဲ့သည်" ဟု WMO (ကမ္ဘာ့မိုးလေဝသဆိုင်ရာ အဖွဲ့အစည်း) ကပြောကြားသည်။

"အစားအစာနှင့် သောက်သုံးရေ ဘေးမကင်းခြင်းတို့နှင့် အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ထိခိုက်ယုတ်လျော့လာခြင်း ကျန်းမာရေး ဘေးဥပါဒ်အန္တရာယ်များ မြင့်မားလာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်ခံနေရသည်”  ဟုလည်း ထပ်လောင်း ဖော်ပြထားသည်။

တနင်္ဂနွေနေ့မှ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ဂလက်စကိုမြို့တွင် ကျင်းပတော့မည့် ၂၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP26) မတိုင်မီရက်များကပင် အဆိုပါအစီရင်ခံစာကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရာသီဥတုဆိုင်ရာ ဆက်စပ်အန္တရာယ်များကြောင့်ဖြစ်သော နှစ်စဉ်ပျမ်းမျှ ဆုံးရှုံးမှု စုစုပေါင်းကိုလည်း ထိုအစီရင်ခံစာတွင် ထုတ်ဖော်ပြသထားသည်။

တရုတ်နိုင်ငံသည် ခန့်မှန်းခြေ ကန်ဒေါ်လာ ၂၃၈ ဘီလီယံ ထိခိုက်နစ်နာခဲ့ရပြီး အိန္ဒိယနိုင်ငံက ကန်ဒေါ်လာ ၈၇ ဘီလီယံ၊ ဂျပန်က ၈၃ ဘီလီယံနှင့် တောင်ကိုးရီးယားနိုင်ငံက ၂၄ ဘီလီယံ အသီးသီး ဆုံးရှုံးနစ်နာ ခဲ့သည်။

သို့သော် နိုင်ငံ့စီးပွားရေး စံအတိုင်းအတာ ပမာဏကို ခြုံငုံသုံးသပ်ကြည့်မည် ဆိုပါက ပျမ်းမျှနှစ်စဉ်ဆုံးရှုံးမှုများမှာ တာဂျစ်ကစ္စတန်နိုင်ငံအတွက် နှစ်စဉ်ပြည်တွင်းထုတ်ကုန် (GDP) ၏ ရ.၉ ရာခိုင်နှုန်း တန်ဖိုးအထိ မြင့်တက်နိုင်ပြီး ကမ္ဘောဒီးယားအတွက် ၅.၉ ရာခိုင်နှုန်းနှင့် လာအိုအတွက် ၅.၈ ရာခိုင်နှုန်းအသီးသီး တန်ဖိုးရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။