- နခခ ၅ ကို ဆက်လက်ခုခံနိုင်ရန် လေကြောင်းဖြင့် ရိက္ခာဖြည့်ပေးနေ
- အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်
- DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ တစ်နှစ်ပြည့်ပြီ
- စစ်ကောင်စီ လောင်စာဆီရရှိနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့
- အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ
အစိုးရဥပဒေဖြင့် အတင်းအကြပ် သားကြောဖြတ်ခဲ့သည့် ဖြစ်ရပ်များအတွက် ဂျပန်ဝန်ကြီးချုပ် တောင်းပန်
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဂျပန်နိုင်ငံ၏ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဟု သတ်မှတ်ခေါ်ဆိုလေ့ရှိကြသည့် ဤဥပဒေကို ဂျပန်တွင် ၁၉၄၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကျင့်သုံးခဲ့သည်။
18 Jul 2024
ဂျပန်နိုင်ငံတွင် ဥပဒေဟောင်းဖြင့် အတင်းအကြပ် သားကြောဖြတ်ခံခဲ့ရသူများအား ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကိရှိဒက ဇူလိုင်လ ၁၇ ရက်နေ့တွင် တောင်းပန်လိုက်သည်။
ယခုအချိန်တွင် အသက်မဝင်တော့သည့် အဆိုပါ ‘သန့်စင်လူသား’ ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သလို နစ်နာခဲ့သူများအား အစိုးရက လျော်ကြေးပေးဆောင်ရမည်ဟု ဂျပန် ထိပ်တန်းတရားရုံးက လွန်ခဲ့သော သီတင်းနှစ်ပတ်က ဆုံးဖြတ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တောင်းပန်လိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံပွဲ၌ ဖူမိအိုကိရှိဒက “ဒီဥပဒေကို အသက်သွင်းခဲ့တဲ့ အစိုးရဟာ အကြီးအကျယ်ပဲ ဆိုးဆိုးဝါးဝါး တာဝန်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ နက်နက်ရှိုင်းရှိုင်း စိတ်မကောင်းဖြစ်ရသလို အစိုးရကိုယ်စား ဝန်ချတောင်းပန်ပါတယ်” ဟု နစ်နာခဲ့သူများကို ပြောကြားသည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဂျပန်နိုင်ငံ၏ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဟု သတ်မှတ်ခေါ်ဆိုလေ့ရှိကြသည့် ဤဥပဒေကို ဂျပန်တွင် ၁၉၄၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကျင့်သုံးခဲ့သည်။
ဥပဒေအရ အစိုးရသည် ဉာဏ်ရည် မဖွံ့ဖြိုးသူများ၊ စိတ်ကျန်းမာရေး ယိုယွင်းသူများ၊ မျိုးရိုးလိုက်သည့် ရောဂါ ဖြစ်ပွားသူများအား ညံ့ဖျင်းသည့် သားသမီးမျိုးဆက် မမွေးဖွားနိုင်စေရန်အတွက် ကာယကံရှင်၏ ဆန္ဒမပါဘဲ သားကြောဖြတ်နိုင်ခွင့်ရှိသည်။
“သားကြောဖြတ်ခံရတဲ့ အန္တရာယ်ဆိုးကို လူပေါင်း နှစ်သောင်းခွဲထက်မနည်း ရင်ဆိုင်ခဲ့ရမှုအတွက် ကျွန်တော့်အနေနဲ့ နက်ရှိုင်းစွာ နောင်တရမိပါတယ်” ဟု နစ်နာသူများနှင့် တွေ့ဆုံမှုတွင် ဝန်ကြီးကိရှိဒက ပြောကြားသည်။
၂၀၁၉ ခုနှစ်တွင် ချမှတ်ခဲ့သည့် ဥပဒေသစ်အရ ယခင်ဥပဒေဟောင်းဖြင့် သားကြောဖြတ်ခံခဲ့ရသူ တစ်ယောက်ချင်းအတွက် အစိုးရက လျော်ကြေး ဂျပန်ယန်း ၃.၂ သန်းစီပေးဆောင်ရန် သတ်မှတ်ခဲ့သည်။ ဤဥပဒေအရ လျော်ကြေးငွေလက်ခံရန် အကျုံးဝင်သူ စုစုပေါင်း ၁၁၀၀ ခန့်ရှိသည်။