သီရိလင်္ကာတွင် အကျဉ်းသား ၃၀၀၀ ခန့် ပြန်လွှတ်ပေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သိရိလင်္ကာနိုင်ငံ၌ နိုင်ငံတစ်ဝန်းတွင် အကျဉ်းသားဦးရေ ပြည့်ကြပ်နေသည့် အကျဉ်းထောင်များမှ အကျဉ်းသား ၂၉၀၀ နီးပါး ပြန်လွှတ်ပေးလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

07 Apr 2020

သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းအသားအများအပြားဖြင့် ပြည့်ကျပ်နေပြီး ပုံမှန်အချိန်၌ လူ ၁၀၀၀၀ မကျော်သော်လည်း လက်ရှိတွင် စုစုပေါင်းဦးရေ ၂၆၀၀၀ အထိရှိနေကြောင်း သမ္မတရုံးက ပြောကြားသည်။ (ဓာတ်ပုံ - Sri Lanka Mirror)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သိရိလင်္ကာနိုင်ငံ၌ နိုင်ငံတစ်ဝန်းတွင် အကျဉ်းသားဦးရေ ပြည့်ကြပ်နေသည့် အကျဉ်းထောင်များမှ အကျဉ်းသား ၂၉၀၀ နီးပါး ပြန်လွှတ်ပေးလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မတ်လ ၁၇ ရက်နေ့မှစတင်၍ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော အကျဉ်းသားစုစုပေါင်း ၂၉၆၁ ဦးရှိကြောင်း သီရိလင်္ကာသမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းအသားအများအပြားဖြင့် ပြည့်ကျပ်နေပြီး ပုံမှန်အချိန်၌ လူ ၁၀၀၀၀ မကျော်သော်လည်း လက်ရှိတွင် စုစုပေါင်းဦးရေ ၂၆၀၀၀ အထိရှိနေကြောင်း သမ္မတရုံးက ပြောကြားသည်။

ပြီးခဲ့သောလကလည်း ထောင်တွင်းဆန္ဒပြမှုများ ပေါ်ပေါက်ပြီး အကျဉ်းအသားအချို့ ထောင်မှထွက်ပြေးရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း အကျဉ်းသားအချို့နှင့် လုံခြုံရေးသမားများ လုံးထွေးသတ်ပုတ်မှု ဖြစ်ပေါ်ခဲ့ပြီး အကျဉ်းသားနှစ်ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်တစ်ခု အဖြစ် အစိုးရက ထောင်ဝင်စာလာတွေ့သူများအား ပိတ်ပင်လိုက်ရာမှ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

သိရိလင်္ကာ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ပြင်မထွက်ရအမိန့်ကို မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဧပြီ ၆ ရက်နေ့အထိ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅ ဦး၊ ကူးစက်ခံရသူ ၁၇၆ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၃၃ ဦးရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ဧပြီလ ၆ ရက်နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၁၂ သိန်း ၇ သောင်း (၁,၂၇၇,၂၆၀) ရှိကာ သေဆုံးသူ စုစုပေါင်း ၇ သောင်းနီးပါး (၆၉,၅၇၂) ရှိနေပြီဖြစ်သည်။ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ ဦးရေမှာ နှစ်သိန်းခွဲ (၂၆၆,၄၆၁) ခန့်ရှိကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။