တာလီဘန်လက်ထဲ ရောက်သွားသည့် အမေရိကန်လက်နက်များအရေး စိတ်မအေးဖွယ် ဖြစ်နေ

အမေရိကန်စစ်ဘက်သုံး သံချပ်ကာယာဉ်များ၊ အမေရိကန်လုပ် လက်နက်များ၊ ဘလက်ဟော့ ရဟတ်ယာဉ်များဖြင့် တာလီဘန်တိုက်ခိုက်ရေးသမားများ အောင်ပွဲခံနေကြသည့် ဗီဒီယိုများ၊ ရုပ်ပုံများကြောင့် အမေရိကန်အစိုးရအနေဖြင့် အထူးပင် အရှက်ရစရာ ဖြစ်နေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By ၤၤForeign Desk 22 Aug 2021

ဓာတ်ပုံ - Twitter

အမေရိကန်စစ်ဘက်သုံး သံချပ်ကာယာဉ်များ၊ အမေရိကန်လုပ် လက်နက်များ၊ ဘလက်ဟော့ ရဟတ်ယာဉ်များဖြင့် တာလီဘန်တိုက်ခိုက်ရေးသမားများ အောင်ပွဲခံနေကြသည့် ဗီဒီယိုများ၊ ရုပ်ပုံများကြောင့် အမေရိကန်အစိုးရအနေဖြင့် အထူးပင် အရှက်ရစရာ ဖြစ်နေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံတစ်ဝန်းအား အလွယ်တကူပင် သိမ်းပိုက်နိုင်ခဲ့ကြသည့် အစ္စလာမစ် လက်နက်ကိုင်များသည် အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ စစ်လက်နက်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါပစ္စည်းအများစုမှာ ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင် အမေရိကန်အစိုးရက ထောက်ပံ့ခဲ့သော ပစ္စည်းများဖြစ်သည်။

တာလီဘန်များသည် M4 ၊ M18 နှင့် M24 စနိုက်ပါသေနတ်များ ကိုင်ဆောင်ကာ အမေရိကန်စစ်တပ်သုံး သံချပ်ကာကားများဖြင့် လှည့်လည်နေကြသလို အချို့ဆိုလျှင် အမေရိကန်စစ်ယူနီဖောင်းများပင် ဝတ်ဆင်ထားကြသည်ကို ဆိုရှယ်မီဒီယာများတွင် မျှဝေနေကြသည့် ရုပ်ပုံနှင့် ဗီဒီယိုများတွင် တွေ့မြင်ရသည်။

အဆိုပါပုံရိပ်များသည် နှစ် ၂၀ ကြာ အာဖဂန်စစ်ပွဲအပေါ် သမ္မတ၏ ကိုင်တွယ်ပုံ မှားယွင်းကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို စွပ်စွဲသည့် နိုင်ငံရေးထိုးနှက်ချက် တစ်ရပ်ကဲ့သို့ ဖြစ်နေကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

အမေရိကန်အစိုးရသည် အာဖဂန်တပ်ဖွဲ့ဝင်များအား ဒေါ်လာဘီလျံပေါင်းများစွာ ပုံအောကာ ဆယ်စုနှစ် နှစ်ခုကြာ သင်တန်းများပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း တာလီဘန်တို့သည် မြို့တော် ကဘူးကို တိုက်ပွဲမရှိဘဲ အလွယ်တကူပင် သိမ်းပိုက်နိုင်ခဲ့သည်။ အမေရိကန် စစ်လက်နက်ကိရိယာ အများစုကိုလည်း လက်နက်ချခဲ့သည့် အာဖဂန် တပ်ဖွဲ့ဝင်များထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

“ကာကွယ်ရေး စစ်လက်နက်တွေ ဘယ်ရောက်သွားလဲတော့ ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ မသိသေးဘူး။ ဒါပေမဲ့ တာလီဘန်တွေ လက်ထဲကိုတော့ ပမာဏ တော်တော်များများ ရောက်သွားတာ သေချာပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်က သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောကြားထားသည်။
“တာလီဘန်တွေအနေနဲ့ အဲဒီလက်နက်ကိရိယာတွေကို ကျွန်တော်တို့ဆီ ပြန်ပေးမှာ မဟုတ်တာကတော့ သေချာပါတယ်” ဟုလည်း သူကပြောသည်။

ရီပါပလီကန်များကလည်း ဤဖြစ်စဉ်ကို လက်လွတ်မခံဘဲ သမ္မတဘိုင်ဒန်ကို ဝေဖန်မှုများ ရှိသည်။
“ဖြစ်ကတတ်ဆန်း တပ်သိမ်းလိုက်တဲ့ ဘိုင်ဒန်ရဲ့ ကျေးဇူးကြောင့် တာလီဘန်တွေဟာ သူတို့သုံးဖူးသမျှထဲမှာ ကောင်းပေ့ဆိုတဲ့ လက်နက်တွေ ရသွားကြပြီ” ဟု ရီပါပလီကန်ပါတီ အမျိုးသားဥက္ကဌ ရိုနာမက်ဒန်နီယယ်က ပြောသည်။

အမေရိကန်စစ်တပ်သည် မကြာသေးမီနှစ်များအတွင်း အာဖဂန်စစ်တပ်ကို စက်သေနတ်အလက် ၇၀၀၀၊ စစ်ဘက်သုံးယာဉ် ၄၇၀၀၊ လက်ပစ်ဗုံး ၂၀၀၀၀ ထက်မနည်း ထောက်ပံ့ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

အာဖဂန်တပ်များသည် အမေရိကန်ထံမှ အမြောက်များ၊ ဒရုန်းများသာမက ရဟတ်ယာဉ်များအပါအဝင် လေယာဉ် ၂၀၀ ကျော် လက်ခံရရှိခဲ့သည်။ သို့သော်လည်း အဆိုပါပစ္စည်းများကို ဆက်လက်သုံးစွဲရန် အတွက်မူ အမေရိကန်ထံမှ နည်းပညာပံ့ပိုးမှုနှင့် အစိတ်အပိုင်းများ ရာခိုင်နှုန်း အများအပြား လိုအပ်မည်ဟု အေအက်ဖ်ပီသတင်းက ဆိုသည်။

သိမ်းပိုက်ရရှိသွားသည့် လက်နက်ကိရိယာများ၊ စစ်သုံးယာဉ်များကြောင့် တာလီဘန်တို့ ပိုမို အင်အားကောင်းသွားခြင်းမျိုး ဖြစ်သွားမည်ကို ကျွမ်းကျင်သူများက ထောက်ပြလျက်ရှိသည်။
“အန္တရာယ်အများဆုံးကတော့ D-30 ဟောင်ဝစ်ဇာအမြောက်တွေနဲ့ လေတပ်က လက်နက်ပစ္စည်းတွေ ဖြစ်ပါတယ်” ဟု ဝါရှင်တန် လုံခြုံရေးအတိုင်ပင်ခံ CAN ၏ Countering Threats and Challenges Program ဒါရိုက်တာ ဂျွန်နသန်ရှရိုဒန်က ပြောသည်။

“လေတပ်က လက်နက်ပစ္စည်းတွေ အားလုံးကို သူတို့ သုံးတတ်မတတ်တော့ မသေချာဘူး။ ဒါပေမဲ့ D-30 ဟောင်ဝစ်ဇာ တွေကိုတော့ သူတို့ သုံးပြထားပြီ” ဟု သူက ဆိုသည်။

တာလီဘန်တို့ ရရှိထားသည့် လက်နက်ငယ်များသည်လည်း ကမ္ဘာ့နေရာ အများအပြားသို့ ရောက်သွားနိုင်သလို အကြမ်းဖက်သမားများ ထံသို့လည်း ရောက်သွားနိုင်သည်ဟု ရှရိုဒန်က ပြောသည်။

“အမေရိကန်အနေနဲ့ အခုအချိန်မှာ အကောင်းဆုံး လုပ်နိုင်တာဆိုလို့ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းတွေနဲ့ ပူးပေါင်းပြီး အာဖဂန်ထဲက လက်နက်တွေ နိုင်ငံပြင်ပကို ရောက်မသွားအောင် နယ်စပ်တွေမှာ ပိတ်ဆို့ဖို့ပဲ ဖြစ်ပါလိမ့်မယ်” ဟု သူက ဆိုသည်။