ကတိပြုထားသောအပြောင်းအလဲများ မဖော်ဆောင်နိုင်သဖြင့် ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် သီရိလင်္ကာသမ္မတ ဆုံးဖြတ်

ဆီရီဆီနာသည် အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအစီအမံများ ဖော်ဆောင်သွားရန်၊ ယခင် ရာဂျာပက်ခ်ဆာအစိုးရ လက်ထက်တွင် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားပြုခဲ့သူများကို အရေးယူသွားရန်၊ လူနည်းစုတမီးလ်လူမျိုးများနှင့် အာဏာခွဲဝေကျင့်သုံးနိုင်ရေးအတွက် အခြေခံဥပဒေပြင်ဆင်သွားရန်တို့ အပါအဝင် ...

By Foreign Desk 08 Oct 2019

(လက်ရှိသီရိလင်္ကာသမ္မတ မေထရီပါလာဆီရီဆီနာ / Photo - Reuters)

သီရိလင်္ကာနိုင်ငံ၏ လက်ရှိသမ္မတ မေထရီပါလာဆီရီဆီနာသည် သူ၏ သမ္မတအဖြစ်ထမ်းဆောင်သည့် ပထမသက်တမ်းအတွင်း ကတိပြုထားသောအပြောင်းအလဲများကို ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိသဖြင့် လာမည့်ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ခံခြင်းမပြုရန် ဆုံးဖြတ်လိုက်ကြောင်း ABC News တွင်ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံ၏ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသူအရေအတွက်မှာ သီရိလင်္ကာသမိုင်းတလျှောက် အမြင့်ဆုံးအဖြစ်နှင့် ၄၁ ဦးအထိရှိနေကာ စာရင်းပေးသွင်းရန် နောက်ဆုံးနေ့ရက်ဖြစ်သော တနင်္ဂနွေနေ့လယ်အထိ လက်ရှိသမ္မတ ဆီရီဆီနာသည် စာရင်းပေးသွင်းခဲ့ခြင်း မရှိပေ။

ဆီရီဆီနာသည် အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအစီအမံများ ဖော်ဆောင်သွားရန်၊ ယခင် ရာဂျာပက်ခ်ဆာအစိုးရ လက်ထက်တွင် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားပြုခဲ့သူများကို အရေးယူသွားရန်၊ လူနည်းစုတမီးလ်လူမျိုးများနှင့် အာဏာခွဲဝေကျင့်သုံးနိုင်ရေးအတွက် အခြေခံဥပဒေပြင်ဆင်သွားရန်တို့ အပါအဝင် အပြောင်းအလဲများ ဖော်ဆောင်သွားမည်ဟုကတိပြုပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိလာခဲ့ခြင်းဖြစ်ကြောင်း အယ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည်။

သို့သော ဆီရီဆီနာသည် ၎င်းအမှန်တကယ် အာဏာရရှိလာပြီးသည့်နောက်တွင် ကတိပြုထားသည့်အပြောင်းအလဲများကို လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ မဲဆန္ဒရှင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်ပျက်မှုကိုသာရရှိခဲ့သည်။

၎င်းသည် ယခင်အစိုးရလက်ထက်က ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးခဲ့မှုများကို အရေးယူနိုင်ခဲ့ခြင်းမရှိသည့်အပြင် ယခင်သမ္မတဟောင်း မာဟင်ဒါရာဂျာပက်ခ်ဆာ၏ မိသားစုဝင်များအပေါ်  စွပ်စွဲထားသောပြစ်မှုများကို စစ်ဆေးအရေးယူနိုင်ခဲ့ခြင်းလည်း မရှိပေ။

ထို့ပြင် ဆီရီဆီနာသည် ပြီးခဲ့သောနှစ်အတွင်းက လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရန် မျှော်လင့်ချက်ဖြင့် နိုင်ငံရေးတွင် ယခင်က ၎င်း၏မိတ်ဖက်ဖြစ်ခဲ့သူ ဝစ်ခရွမ်ဆင်းဂီကို ဝန်ကြီးချုပ်ရာထူးမှဖြုတ်ချပြီး သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ခ်ဆာကို ယင်းရာထူးတွင် ခန့်အပ်ခဲ့သေးသည်။

သို့ရာတွင်တရားရုံးက ဆီရီဆီနာ၏ဆုံးဖြတ်ချက်ကို လက်မခံဘဲ ဝစ်ခရွမ်ဆင်းဂီကို ဝန်ကြီးချုပ်ရာထူး ပြန်လည်ခန့်အပ်ခဲ့ရာ ဆရီဆီနာသည် ဝစ်ခရွမ်ဆင်းဂီနှင့် ဆက်ဆံရေးပျက်ပြားသွားခဲ့သလို လာမည့်ရွေးကောက်ပွဲအတွက် ရာဂျာပက်ခ်ဆာ၏ ပံ့ပိုးမှုကိုလည်းမရရှိဘဲ ရာဂျာပက်ခ်ဆာက လာမည့်ရွေးကောက်ပွဲတွင် သူ၏ညီဖြစ်သူကို သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ယခုနှစ် ဧပြီလအတွင်းက လူပေါင်း ၂၆၀ ကျော်အထိသေဆုံးခဲ့ရသော အသေခံဗုံးခွဲတိုက်ခိုက်မှုကို ဆီရီဆီနာ၏ အစိုးရအဖွဲ့က တားဆီးနိုင်ခဲ့ခြင်း မရှိသဖြင့်လည်း ပြည်သူများက ၎င်းအပေါ် ဒေါသပေါက်ကွဲခဲ့ကြသေးသည်။

ထိုကဲ့သို့သောအခြေအနေများကြောင့် ဆီရီဆီနာသည် လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် အရွေးကောက်ခံပါကလည်း အခြေလှနိုင်ချေနည်းပါးလှသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်မည်ဟု ယူဆရသည်။

လက်ရှိအချိန်တွင်မူ နိုဝင်ဘာ ၁၆ ရက်တွင်ကျင်းပမည့် သီရိလင်္ကာရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများထဲ၌ ယခင်သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ခ်ဆာ၏ ညီလည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲဟောင်းလည်းဖြစ်သူ ဂိုတာဘာယာရာဂျာပက်ခ်ဆာက အနိုင်ရရှိရန် ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။

သို့ရာတွင် ၎င်းသည် အကျင့်ပျက်လာဘ်စားမှုများနှင့် အမှုရင်ဆိုင်ရလျက်ရှိသူဖြစ်ပြီး ၎င်း၏ သီရိလင်္ကာနိုင်ငံသားဖြစ်မှုမှာလည်း စစ်ဆေးခံရလျက်ရှိသည်။