တူရကီထိုးစစ်ကြောင့် IS အကျဉ်းသားများအား ကာ့ဒ်တပ်ဖွဲ့ ဦးစားပေးစောင့်ကြည့်နိုင်တော့မည်မဟုတ်

တူရကီတပ်များ၏ ထိုးစစ်ဒဏ်ကိုခံနေရသော ကာ့ဒ်တပ်ဖွဲ့က ၎င်းတို့၏ဖမ်းဆီးထိန်းသိမ်းမှု အောက်တွင်ရှိနေသော IS အကြမ်းဖက်အဖွဲ့ဝင်အကျဉ်းသားများ လွတ်မြောက်မသွားအောင် ထိန်းသိမ်းခြင်းကို ဦးစားပေးအနေဖြင့် ဆက်လက်လုပ်ဆောင်နိုင်တော့ မည်မဟုတ်

By Foreign Desk 13 Oct 2019

 ဓာတ်ပုံ - Getty Images

ဆီးရီးယားမြောက်ပိုင်းတွင် တူရကီတပ်များ၏ ထိုးစစ်ဒဏ်ကိုခံနေရသော ကာ့ဒ်တပ်ဖွဲ့က ၎င်းတို့၏ဖမ်းဆီးထိန်းသိမ်းမှု အောက်တွင်ရှိနေသော IS အကြမ်းဖက်အဖွဲ့ဝင်အကျဉ်းသားများ လွတ်မြောက်မသွားအောင် ထိန်းသိမ်းခြင်းကို ဦးစားပေးအနေဖြင့် ဆက်လက်လုပ်ဆောင်နိုင်တော့ မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားရှိ အမေရိကန်တို့၏ မဟာမိတ်ဖြစ်သော ကာ့ဒ်တို့ခေါင်းဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF) သည် လက်ရှိအချိန်တွင် ထောင်နှင့်ချီသော IS အကျဉ်းသားများကို ဖမ်းထိန်းသိမ်းထားသည်။

ဆီးရီးယားနယ်စပ်တွင် SDF နှင့် တူရကီတပ်များကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယနေ့ (အောက်တိုဘာလ၊ ၁၃ ရက်) ဆိုလျှင် ၅ ရက်ရှိသွားပြီဖြစ်ပြီး နယ်စပ်ဒေသ၏နှစ်ဖက်လုံးတွင် သေဆုံးသူ အရပ်သားအရေအတွက်မှာ ၅၀ ကျော်အထိ ရှိနေပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ကာ့ဒ်တပ်ဖွဲ့များက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည်ဟု တူရကီတို့က စွပ်စွဲထားပြီး ၎င်းတို့ကို ဆီးရီးယား-တူရကီ နယ်စပ်မှ ဆီးရီးယားနိုင်ငံထဲဘက် ကီလိုမီတာ ၃၀ အဝေးရှိ အပစ်ရပ်ဇုန်အထိ တိုက်ထုတ်သွားမည်ဟု ပြောကြား ထားသည်။ ထို့ပြင် တူရကီနိုင်ငံဘက်သို့ ရောက်ရှိနေသော ဆီးရီးယားစစ်ဘေးဒုက္ခသည် ၃ သန်းကျော်ကိုလည်း ယင်းဇုန်တွင် ပြန်လည် နေရာချထားသွားရန် စီစဉ်ထားကြောင်းလည်း တူရကီတို့က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက ကာ့ဒ်တပ်ဖွဲ့များနှင့် အတူ တိုက်ပွဲဆင်နွှဲပေးလျက်ရှိသော ၎င်းတို့၏တပ်များကို ဆီးရီးယား မြောက်ပိုင်းမှ ပြန်လည်ထွက်ခွာစေတော့မည်ဖြစ်ကြောင်း ကြေညာအပြီးတွင် တူရကီ၏ ယခုထိုးစစ်များ စတင်လာခြင်း ဖြစ်သည်။

SDF သည် ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာ၌ အမေရိကန်တို့၏ အဓိကမဟာမိတ်တပ်ဖွဲ့ဖြစ်ခဲ့ပြီး ISIS အကျဉ်းသားများကို လက်ရှိအချိန်ထိ တာဝန်ယူ ဖမ်ဆီးထိန်းသိမ်းထားသောတပ်ဖွဲ့ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်တို့က စစ်ရေးနှင့်ဘဏ္ဍာရေးအရ ဝင်ရောက်ပါဝင်ပေးခဲ့သော်လည်း အခြေအနေများမှာ ထူးခြားမလာခဲ့ဘဲ ယခုအခါ အမေရိကန်စစ်သည်များကို အမိမြေသို့ ပြန်လည်ခေါ်ယူရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

" အခုဆိုရင် ဘေးအန္တရာယ်ပိုများလာသလို လုံခြုံမှုလည်းနည်းလာပါတယ်။ တည်ငြိမ်မှု ပိုပိုနည်းလာပြီး သူတို့က တိုက်ခိုက်နေတုန်းပါပဲ။ သူတို့ရဲ့အလုပ်က တိုက်ခိုက်တာပါပဲ " ဟုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြား ခဲ့ကြောင်း အယ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည်။

တူရကီတို့၏ ထိုးစစ်များကြောင့် ၎င်းတို့၏ကြီးကြပ်မှုအောက်ရှိ IS အကျဉ်းသားများကို ထိန်းသိမ်းစောင့်ကြည့်ရေးကို ဦးစားပေးနိုင်တော့မည်မဟုတ်ဘဲ ၎င်းတို့၏မြို့များနှင့်ပြည်သူများကို ကာကွယ်နိုင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်သွား မည်ဟု SDF တပ်ဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက စနေနေ့က အတိအလင်း ပြောကြားထားသည်။

တူရကီတို့၏ထိုးစစ်များ စတင်ပြီးနောက်မကြာမီမှာပင် ဆီးရီးယားမြောက်ပိုင်းရှိ ု IS အကျဉ်းသားများထိန်းသိမ်းထားသော အကျဉ်းထောင်များတည်ရှိရာ မြို့နှစ်မြို့တွင် IS တို့က၎င်းတို့၏လက်ချက်ဟု ပြောသော ကားဗုံးခွဲတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးကာ IS အဖွဲ့ဝင် ၅ ဦးလွတ်မြောက်သွားခဲ့သည်ဟု SDF ကထုတ်ပြန်ခဲ့သည်။

ဆီးရီးယားမြောက်ပိုင်းနယ်စပ်တွင် တူရကီတို့၏ထိုးစစ်များကြောင့် ပြင်သစ်နိုင်ငံက တူရကီတို့ကို လက်နက်ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီး အမေရိကန်ပြည်ထောင်စုကလည်း တူရကီတို့အပေါ် ပြင်းထန်သောအရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် ပြင်ဆင်ထားသည်ဟု သတိပေးပြောကြားထားသည်။