- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
ယူကရိန်းကို တင့်ကားများပေးရန် ငြင်းဆန်ခဲ့သည့်ဂျာမနီ ဝေဖန်ခံနေရ
ယူကရိန်းအတွက် တင့်ကားများ ထောက်ပံ့ရန် ကမ္ဘာ့နိုင်ငံများ ချီတုံချတုံ ဖြစ်နေမှုအပေါ် ယူကရိန်းဘက်က စနေနေ့တွင် ရှုတ်ချပြောကြားလိုက်သည်။
22 Jan 2023
ကမ္ဘာ့အကောင်းဆုံး တင့်ကားများတွင် ပါဝင်သည်ဟု သတ်မှတ်ထားကြသော ဂျာမန် Leopard တင့်ကားတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP
ဂျာမနီသည် ၎င်း၏ Lepoard တင့်ကားများအား ယူကရိန်းကို ထောက်ပံ့ပေးရန် ငြင်းဆန်ခဲ့သည့်အတွက် မဟာမိတ်များထံတွင် ဝေဖန်ခံနေရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းအတွက် တင့်ကားများ ထောက်ပံ့ရန် ကမ္ဘာ့နိုင်ငံများ ချီတုံချတုံ ဖြစ်နေမှုအပေါ် ယူကရိန်းဘက်က စနေနေ့တွင် ရှုတ်ချပြောကြားလိုက်သည်။
“နှောင့်နှေးနေတဲ့ နေ့ရက်တွေတိုင်းမှာ ယူကရိန်းနိုင်ငံသားတွေဟာ အသက်ဆုံးပါးနေရပါတယ်။ မြန်မြန် စဉ်းစားကြပါ” ဟု ယူကရိန်းသမ္မတအကြံပေး မီခေးလိုပိုဒိုယက်က တွစ်တာပေါ်တွင် ရေးသားထားသည်။
“Leopard တင့်ကားတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဘယ်အချိန်ဆုံးဖြတ်မလဲ၊ ဘယ်လိုဆုံးဖြတ်ချက် ချမှတ်မလဲ ဆိုတာကို မပြောနိုင်သေးပါဘူး” ဟု ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတိုရီးယပ်က ပြောကြားထားသည်။
ကီယက်ဗ်အတွက် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် စစ်သုံးပစ္စည်းများ ထောက်ပံ့ပေးရန် နိုင်ငံပေါင်း ၅၀ ခန့်သည် သောကြာနေ့တွင် သဘောတူညီခဲ့ကြသည်။ ဘောလ်တစ်သုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများကလည်း “ယူကရိန်းအတွက် Leopard တင့်ကားများ ချက်ချင်းထောက်ပံ့ပေးရန် ဂျာမနီကိုတောင်းဆိုကြောင်း” ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရုရှားတို့သည် ယူကရိန်းရှိ ဇာပိုရီဇီယာဒေသတွင် ထိုးစစ်ဆင်နွှဲနေပြီး ယခုသီတင်းပတ်အတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိနေချိန်၌ ယူကရိန်းက ယခုကဲ့သို့ တင့်ကားများတောင်းဆိုလာခြင်းဖြစ်သည်။
ဂျာမနီကမူ ယူကရိန်းအတွက် အမေရိကန်တို့က Abrams တင့်ကားများ ထောက်ပံ့ပေးမှသာ မိမိတို့လည်း Leopard တင့်ကားများ ပေးရန် သဘောတူမည်ဟု ပြောကြားသည်။ ဝါရှင်တန်ကမူ Abrams တင့်ကားများသည် လေ့ကျင့်သင်ကြားမှုနှင့် ထိန်းသိမ်းမှုအပိုင်းတွင် ခက်ခဲသဖြင့် ယူကရိန်းကိုပေးရန် အဆင်မပြေကြောင်း ပြောကြားထားသည်။