- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ယူကရိန်း ခွဲထွက်ရေးပဋိပက္ခ နောက်ခံဇာတ်ကြောင်း
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ဖေဖော်ဝါရီလ ၂၁ ရက် တနင်္လာနေ့မှာပဲ ယူကရိန်းအရှေ့ပိုင်းက မော်စကို ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်နယ်မြေတွေရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပါတယ်။ ယူကရိန်းအပေါ် ရုရှားဘက်က ကျူးကျော်လာမှာကို စိုးရိမ်နေကြတဲ့ အနောက်အုပ်စုနဲ့ ရုရှားအကြားက တင်းမာမှုဟာ ပူတင်ရဲ့ကြေညာချက်ကြောင့် မီးလောင်ရာလေပင့် ဖြစ်ခဲ့ရပါပြီ။
22 Feb 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ဖေဖော်ဝါရီလ ၂၁ ရက် တနင်္လာနေ့မှာပဲ ယူကရိန်းအရှေ့ပိုင်းက မော်စကို ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်နယ်မြေတွေရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပါတယ်။ ယူကရိန်းအပေါ် ရုရှားဘက်က ကျူးကျော်လာမှာကို စိုးရိမ်နေကြတဲ့ အနောက်အုပ်စုနဲ့ ရုရှားအကြားက တင်းမာမှုဟာ ပူတင်ရဲ့ကြေညာချက်ကြောင့် မီးလောင်ရာလေပင့် ဖြစ်ခဲ့ရပါပြီ။
ယူကရိန်းရဲ့ ဗဟိုချက်မ စက်မှုဇုန်နေရာဖြစ်တဲ့ နိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေ ထိပ်တိုက်ရင်ဆိုင်နေရတာ ၈ နှစ်နီးပါး ရှိနေပါပြီ။ ဒီကာလအတွင်း ပဋိပက္ခတွေကြောင့် သေဆုံးရသူပေါင်း ၁၄၀၀၀ ကျော် ရှိခဲ့ပါတယ်။ နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်လာတာ ရက်ပေါင်းများစွာ ကြာခဲ့ပြီးနောက် အခုလိုမျိုး သမ္မတပူတင်ရဲ့ခြေလှမ်း ပေါ်ထွက်လာတာပါ။
ဒီဖြစ်စဉ်တွေရဲ့ နောက်ခံအကြောင်းတရားတွေကို အကြမ်းဖျင်း ကြည့်ကြရအောင်ပါ။
■ နိုင်ငံအရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်ထမှု
မော်စကိုနဲ့အလွမ်းသင့်တဲ့ ယူကရိန်းသမ္မတဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ လူထုရဲ့ အုံကြွဆန္ဒပြမှုတွေကြောင့် ရာထူးက ဆင်းပေးခဲ့ရပါတယ်။ ရုရှားဟာ ယူကရိန်းပိုင် ကရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခြင်းဖြင့် ဒီဖြစ်ရပ်အပေါ် တုံ့ပြန်ပါတယ်။ ဒီနောက်မှာတော့ ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းက ရုရှားဘာသာစကား အသုံးများတဲ့ ဒွန်ဘက်စ်ဒေသမှာ လက်နက်ကိုင်ပုန်ကန်မှု ထွက်ပေါ်လာအောင် နောက်ကွယ်ကနေ အပြည့်အဝ ပံ့ပိုးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဧပြီလမှာတော့ ရုရှားထောက်ပံ့ထားတဲ့ ဒီသူပုန်တွေဟာ ဒွန်နက်စ်နဲ့ လူဟန့်စ်ဒေသတွေမှာရှိတဲ့ အစိုးရအဆောက်အအုံတွေကို သိမ်းပိုက်လိုက်ပြီး ‘ပြည်သူ့သမ္မတနိုင်ငံ’ တွေ ထူထောင်လိုက်ကြောင်း ကြေညာပါတယ်။ ဒီနောက်မှာတော့ ယူကရိန်းစစ်တပ်နဲ့ အပျော်တမ်း ယူကရိန်းတပ်ရင်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
နောက်လမှာ ခွဲထွက်ရေးဒေသတွေမှာ လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ပြီး လွတ်လပ်ရေးကြေညာပြီးတော့ ရုရှားရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာဖို့ ကြိုးစားမှုတွေ စတင်ခဲ့ပါတယ်။ မော်စကိုဘက်က ဒီလှုပ်ရှားမှုကို လက်မခံခဲ့ပါဘူး။ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းကို သူ့ဒုက္ခနဲ့သူ ချာလပတ်လည်နေအောင် လုပ်ချင်တဲ့အတွက် ဒီဒေသတွေကို အသုံးချရုံသက်သက်ပါပဲ။
ယူကရိန်းနဲ့ အနောက်အုပ်စုတွေက ရုရှားဟာ ဒီသူပုန်တွေကို လူအင်အား၊ လက်နက်အင်အား ထောက်ပံ့နေတယ်လို့ စွပ်စွဲပါတယ်။ ရုရှားကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပြီး ခွဲထွက်ရေးဒေသတွေမှာ တိုက်ပွဲဝင်နေတဲ့ ရုရှားတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဝင်တိုက်နေတဲ့ အပျော်တမ်း တပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
တင့်ကား၊ လက်နက်ကြီး၊ စစ်လေယာဉ်တွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ပွဲတွေကြားမှာ မလေးရှားလေကြောင်းလိုင်းရဲ့ ခရီးစဉ်-၁၇ ဟာ ယူကရိန်းအရှေ့ပိုင်းမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ပစ်ချခံရပါတယ်။ လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည် ၂၉၈ ဦးလုံး သေဆုံးခဲ့ရပါတယ်။ ဒီခရီးသည်တင်လေယာဉ်ဟာ ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ရုရှားထောက်ပံ့ထားတဲ့ ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတာလို့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေအရ ယူဆကြပါတယ်။ မော်စကိုကတော့ သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းဆဲပါ။
■ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ
၂၀၁၄ ခုနှစ် သြဂုတ်လမှာ ယူကရိန်းတပ်ဖွဲ့တွေ အလူးအလဲ ရှုံးနိမ့်ခဲ့ရအပြီးမှာတော့ ကီယက်ဗ်ကိုယ်စားလှယ်တွေ၊ သူပုန်ကိုယ်စားလှယ်တွေနဲ့ ဥရောပဒေသ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) က ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနှစ် သြဂုတ်လမှာ ဘယ်လာရုစ်နိုင်ငံရဲ့မြို့တော် မင့်စ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီသဘောတူညီချက်အရ OSCE က စောင့်ကြည့်တဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ ပြန်လည်ထွက်ခွာရေး၊ နှစ်ဘက် အကျဉ်းသားနဲ့ ဓားစာခံတွေ လဲလှယ်ရေး၊ သူပုန်တွေကို လွတ်ငြိမ်းချမ်းသာခွင့်၊ ခွဲထွက်ရေးလှုပ်ရှားတဲ့ နယ်မြေတွေမှာ အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ရရှိမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်ဟာ မြန်မြန်ဆန်ဆန်ပဲ ပျက်စီးသွားပါတယ်။ တိုက်ပွဲကြီးတွေ ပြန်ဖြစ်ပြီး ၂၀၁၅ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာတော့ ဒီဘော့စီဗီ (Debaltseve) မြို့က ယူကရိန်း တပ်ဖွဲ့ဝင်တွေဟာ အကြီးအကျယ် တိုက်ခိုက်ခံရပြီး ရှုံးနိမ်ခဲ့ပြန်ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှုရရှိရေးအတွက် ပြင်သစ်နဲ့ ဂျာမနီတို့ဟာ နောက်တစ်ကြိမ် စီစဉ်ပါတယ်။ ဒီသဘောတူညီချက်ကို ၂၀၁၅ ဖေဖော်ဝါရီလမှာ မင့်စ်မြို့မှာ ယူကရိန်း၊ ရုရှားနဲ့ သူပုန် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးကြပါတယ်။ ဒီလက်မှတ်ရေးထိုးမှုမှာ အပစ်ရပ်ရေး၊ လက်နက်ကြီးတွေ ရုပ်သိမ်းရေးနဲ့ နိုင်ငံရေးအရ သဘောတူညီချက်တစ်ရပ် ရရှိဖို့ အဆင့်ဆင့် ရှေ့ဆက်ရေးတို့ ပါဝင်ပါတယ်။ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေဟာလည်း ဒီသဘောတူညီချက်ကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရေးအတွက် သဘောတူ လက်မှတ်ရေးထိုး ကြေညာခဲ့ကြပါတယ်။
■ ယူကရိန်းရဲ့ နာတာရှည် ပဋိပက္ခ
၂၀၁၅ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ကရင်မလင်အတွက်တော့ သံတမန်ရေးရာအရ အကြီးစား အောင်မြင်မှုတစ်ရပ်ပါ။ ခွဲထွက်ရေးဒေသတွေကို သီးခြားရဲတပ်ဖွဲ့ ထားရှိခွင့်၊ ဒေသခံ ရှေ့နေနဲ့ တရားသူကြီးတွေ ခန့်အပ်ခွင့်စတဲ့ အထူးအခွင့်အရေးတွေ ယူကရိန်းဘက်က လိုက်လျောပေးခဲ့ရပါတယ်။ ယူကရိန်းအစိုးရဟာလည်း ခွဲထွက်ရေးဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ OSCE စောင့်ကြည့်တဲ့ ဒေသတွင်းရွေးကောက်ပွဲတွေ ကျင်းပခဲ့အပြီးမှာတော့ ရုရှားနယ်စပ်နဲ့ ၁၂၅ မိုင်အကွာအထိသာ ထိန်းချုပ်ခွင့် ရခဲ့ပါတယ်။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလည်း ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ အာဏာရဖို့ သေချာသလောက်ရှိတဲ့ မဲပေးပွဲတွေသာ ဖြစ်ပါတယ်။
ယူကရိန်းလူမျိုးအများအပြားက ဒီဖြစ်ရပ်ကို နိုင်ငံတော် အကျိုးစီးပွားကို သစ္စာဖောက်မှုတစ်ရပ်အဖြစ်သာ ရှုမြင်ကြပြီး ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည် ဖော်ဆောင်ရေး ကိစ္စတွေလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။
မင့်စ်သဘောတူညီချက်ကြောင့် အကြီးအကျယ်တိုက်ပွဲတွေတော့ ရပ်တန့်သွားပါတယ်။ ဒါပေမဲ့ အခြေအနေက တင်းမာဆဲသာဖြစ်သလို ထိတွေ့ပစ်ခတ်မှုတွေလည်း ပုံမှန်လိုလိုပဲ ရှိနေခဲ့ပါတယ်။
မင့်စ်သဘောတူညီချက် တုံ့ဆိုင်းသွားမှုနဲ့အတူ သူပုန်ဒေသတွေကို အသုံးချပြီး ယူကရိန်းနိုင်ငံရေးကို လွှမ်းမိုးလိုတဲ့ ရုရှားရဲ့ မျှော်လင့်ချက်လည်း ပျက်ပြားသွားပါတယ်။ ဒါပေမဲ့ ရေရှည်လာတဲ့ ပဋိပက္ခကြောင့် ကီယက်ဗ်ရဲ့ အရင်းအမြစ်တွေ ဆုတ်ယုတ်လာရပြီး ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ပန်းတိုင်ဟာလည်း ကြီးကြီးမားမား အဖျက်အမှောင့် ကြုံလာရပါတော့တယ်။ နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ဆိုတာ ယူကရိန်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ထည့်သွင်းပါဝင်ပြီးသားပါ။
ရုရှားဟာ ယူကရိန်း ခွဲထွက်ရေးဒေသတွေမှာ အခိုင်အမာ ခြေကုပ်ယူနိုင်ရေးကို ဆက်လုပ်ပါတယ်။ ဒီဒေသက လူဦးရေ ၃.၅ သန်းခန့်ရဲ့ ငါးပုံတစ်ပုံနီးပါး ဖြစ်တဲ့ လူဦးရေ ၇၂၀၀၀၀ ကျော်ကို ရုရှားပတ်စပို့တွေ ထုတ်ပေးပါတယ်။ ခွဲထွက်ရေးလှုပ်ရှားတဲ့ နယ်မြေတွေကို စီးပွားရေးနဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေ ပေးပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကြောင့် အကြီးအကျယ် ထိခိုက်ရမှုနဲ့ ကျဆင်းလာတဲ့ ဒေသစီးပွားရေး ကိုတော့ အထောက်အပံ့တွေက လုံလုံလောက်လောက် မကုစားနိုင်ခဲ့ပါဘူး။ ပဋိပက္ခ မဖြစ်ခင်ကဆိုရင် ယူကရိန်းတစ်နိုင်ငံလုံး GDP ရဲ့ ၁၆ ရာခိုင်နှုန်းဟာ ဒွန်ဘက်စ်ဒေသက ဖြစ်ပါတယ်။
■ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ အားထုတ်မှုတွေ
ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ ဖြန့်ကြက်လာတဲ့အတွက် တင်းမာမှုတွေ ရှိလာချိန်မှာ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ ၂၀၁၅ သဘောတူညီချက်ကို လေးစားလိုက်နာဖို့ တစ်ကျော့ပြန် တိုက်တွန်းမှုတွေ လုပ်ပါတယ်။ လက်ရှိတင်းမာမှုတွေကို လျှော့ချနိုင်မယ်လို့ ဒီနှစ်နိုင်ငံက မျှော်လင့်ခဲ့ကြတာပါ။
ဘာလင်နဲ့ပါရီက တောင်းဆိုမှုတွေ ရင်ဆိုင်လာရတဲ့ ယူကရိန်းအရာရှိတွေဟာ မင့်စ်သဘောတူညီချက်ကို ဝေဖန်မှုတွေ တိုးမြှင့်လုပ်လာပါတယ်။ ဒီသဘောတူညီချက်က နိုင်ငံပျက်သုဉ်းရေးဆီ ဦးတည်သွားနိုင်တယ်လို သူတို့က ဝေဖန်ပါတယ်။ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီက သမ္မတကိုယ်စားလှယ်တွေ ပါရီနဲ့ဘာလင်မှာ တွေ့ဆုံမှု နှစ်ကြိမ်လုပ်ခဲ့ပေမယ့် တိုးတက်မှု မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ယူကရိန်းထဲက ခွဲထွက်ရေးနယ်မြေတွေကို အသိအမှတ်ပြုဖို့ ရုရှားအောက်လွှတ်တော်က သမ္မတပူတင်ကို တိုက်တွန်းခဲ့ပါတော့တယ်။
■ သူပုန်ဒေသတွေရဲ့ လွတ်လပ်ရေးကို ပူတင် အသိအမှတ်ပြုပြီ
သူပုန်ထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ လွတ်လပ်ရေးကို သမ္မတပူတင် အသိအမှတ်ပြုလိုက်တဲ့အတွက် မင့်စ် ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ပျက်စီးသွားပါပြီ။ အနောက်အုပ်စုနဲ့လည်း တင်းမာမှုတွေက တိုးသထက်တိုးရုံသာ ရှိလာပါတယ်။ မော်စကိုဟာ သူပုန်နယ်မြေတွေနဲ့ မဟာမိတ်စာချုပ် ချုပ်ဆိုဖို့ရှိတယ်လို့ ပူတင်က ပြောထားပါတယ်။ ဒီခြေလှမ်းဟာ သူပုန်တွေကို လက်နက်အင်အား လူအင်အားတွေ ရုရှားဘက်က တရားဝင် ထောက်ပံ့နိုင်ဖို့ လမ်းဖောက်တာပဲ ဖြစ်ပါတယ်။
ဒီခြေလှမ်း မစခင်မှာလည်း ဒွန်နက်စ်နဲ့ လူဟန့်စ် နယ်စပ်တစ်လျှောက်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေ ရက်ပေါင်းများစွာ ရှိခဲ့ပါတယ်။ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက မော်စကိုဟာ ကျူးကျော်ဖို့ လမ်းစရအောင် တင်းမာမှုတွေဖန်တီးနေတယ်လို့ စွပ်စွဲပါတယ်။ ရုရှားကလည်း ယူကရိန်းဟာ သူပုန်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အင်အားသုံး သိမ်းပိုက်ဖို့ ကြိုးစားနေတယ်လို့ အပြန်စွပ်စွဲပါတယ်။ ကီယက်ဗ်ကတော့ ဒီစွပ်စွဲချက်ကို အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့မှာ သူပုန်ခေါင်းဆောင်တွေဟာ ဗီဒီယိုဖိုင်တွေထုတ်ပြန်ပြီး အရပ်သားတွေ နေရပ်စွန့်ခွာနေရတယ်လို့ ကြေညာပါတယ်။ ယူကရိန်းရဲ့ ‘ရန်လိုမှု’ ကြောင့် ဒီလိုဖြစ်ရတာလို့လည်း သူတို့က ဖော်ပြပါတယ်။
ဗီဒီယိုဖိုင်ရဲ့ အချက်အလက်တွေကို စစ်ဆေးရာမှာတော့ သူတို့ရဲ့ ထုတ်ပြန်ချက်ဟာ ရှေ့နှစ်ရက်၊ အခြေအနေတွေ တည်ငြိမ်ဆဲ အချိန်တည်းက ကြိုတင်ရိုက်ကူးထားတယ် ဆိုတာ ပေါ်ပေါက်လာပါတယ်။ ဒီဒေသတွေကို ယူကရိန်းကနေ ခွဲထုတ်ဖို့ တမင် ကြိုတင်ကြံစည်ထားတယ် ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
သူပုန်ခေါင်းဆောင်တွေဟာ သူတို့ဒေသတွေရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုဖို့ ရုရှားသမ္မတပူတင်ကို တိုက်တွန်းထားတဲ့ ဗီဒီယိုဖိုင်အသစ်တွေကို တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။ သမ္မတပူတင်ကလည်း သေသေချာချာ ကြိုးကိုင်စီစဉ်ထားတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပပြီး ဒီနယ်မြေတွေရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုကြောင်း လက်မှတ်ရေးထိုးမှုကို ရုပ်သံကတစ်ဆင့် မြန်မြန်ဆန်ဆန်ပဲ ထုတ်လွှင့်ခဲ့ပါတယ်။
ရာဗီချန်ဒရာကူးမား
ရည်ညွှန်း - The story behind Ukraine’s separatist regions by VLADIMIR ISACHENKOV, AP