ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးရသူ ၃ သန်းကျော်ပြီ

ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှု စတင်ချိန်တည်းက ယူကရိန်းမှ ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည်အရေအတွက်လည်း ၃.၂၅ သန်း ကျော်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားလိုက်သည်။

21 Mar 2022

ဓာတ်ပုံ - TRT World

DMG ၊ မတ်လ ၂၁ ရက်

ရုရှားတို့ ကျူးကျော်တိုက်ခိုက်မှု စတင်ချိန်တည်းက ယူကရိန်းမှ ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည်အရေအတွက်လည်း ၃.၂၅ သန်း ကျော်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ဒုက္ခသည် ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့်ကလေးများ ဖြစ်ကာ ဒုက္ခသည်စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် ပိုလန်နိုင်ငံသို့ ထွက်ပြေးကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ စစ်ပွဲစတင်ဖြစ်ပွားချိန်တည်းက ယူကရိန်းမှ ထွက်ပြေးရသူ အရေအတွက်သည် ၃၂၇၀၆၆၂ ဦးအထိ ရှိသွားပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်တွင်း၌ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက်သည်လည်း ၂ သန်းအထက် ရှိနိုင်ကြောင်း UNHCR ပြောခွင့်ရ မက်သယူးဆော့မက်ရှ်က ပြောသည်။

သို့သော်လည်း ပြည်တွင်း ဒုက္ခသည်များ တိမ်းရှောင်ထွက်ပြေးရမှု အရှိန်မြင့်လာပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်များ မြင့်တက်လာပါက အခြေအနေမျာ ပိုမိုဆိုးရွားလာနိုင်ကြောင်း သူက ပြောသည်။

ယူကရိန်းတွင် စစ်ပွဲမဖြစ်မီက ခရိုင်းမီးယားနှင့် ရုရှားထောက်ခံသော ခွဲထွက်ရေးဒေသများကို ထည့်မတွက်ဘဲ လူဦးရေ ၃၇ သန်းရှိသည်။ စစ်ပွဲစတင်ချိန်၌ ဒုက္ခသည်များသည် ပိုလန်း၊ ရိုမေးနီးယား၊ မော်ဒိုဗာ၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ရုရှား၊ ဘယ်လာရုစ် စသည့် နိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သွားကြခြင်း ဖြစ်သည်။

လက်ရှိ၌ ပိုလန်နယ်စပ်ကို ဖြတ်ကျော်တိမ်းရှောင်သွားသည့် ယူကရိန်းဒုက္ခသည် အရေအတွက်သည် ၂ သန်းနီးပါးရှိသည်။  ရိုမေးနီးယားသို့ တိမ်းရှောင်သွားသည့် အရေအတွက်သည်လည်း ၅ သိန်းကျော်ရှိပြီး ၎င်းတို့အနက် မော်ဒိုဗာမှ တစ်ဆင့် ဝင်လာသူများလည်း ပါဝင်သည်။

သို့သော်လည်း ဤအချက်အလက်များသည် နယ်စပ်ဖြတ်ကျော်သည့် အရေအတွက်သာဖြစ်ပြီး ဤနိုင်ငံများမှတစ်ဆင့် အခြား ဥရောပနိုင်ငံများသို့ ဆက်လက်ထွက်ခွာသွားကြသည်ဟု ယူဆရကြောင်း UNHCR ကပြောကြားသည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားနိုင်ငံတွင်းသို့ ဝင်ရောက်တိမ်းရှောင်သွားသူလည်း ၂ သိန်းနီးပါးရှိနေသည်။ ရုရှားလိုလားသော ဒွန်းညက်နှင့် လူဟန့်စ် ဒေသများမှ ရုရှားနိုင်ငံတွင်းသို့ ဖေဖော်ရီလ ၂၁ ရက်မှ ၂၃ ရက်အတွင်း တိမ်းရှောင်သွားသူ အရေအတွက်သည် ၅ သောင်းခန့်ရှိကြောင်း UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။