ရုရှားကျူးကျော်လာရင် ခုခံဖို့ နည်းလမ်းတွေ ယူကရိန်းပြည်သူတွေ လေ့လာနေကြ

ယူကရိန်း-ရုရှားနယ်စပ်မှာ ရုရှားဘက်က စစ်အင်အားတွေ အလုံးအရင်းနဲ့ တိုးချဲ့ ချထားလာမှုတွေကြောင့် စိုးရိမ်မှုတွေနဲ့အတူ ဒီသင်တန်းသားတွေဟာ အလောတကြီး သင်ယူနေကြပါတယ်။ နှစ်ရက်တာသင်တန်းအတွင်း အေးခဲနေတဲ့ သုညအောက်အပူချိန်မှာ အသက်ဆက်ဖို့၊ မီးမွှေးဖို့စတဲ့ အသက်ရှင်ရပ်တည်ရေး နည်းနာတွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။

By အမရာ 02 Feb 2022

ဓာတ်ပုံ - AFP

DMG ၊ ဖေဖော်ဝါရီ ၂
(ဘာသာပြန် သတင်းဆောင်းပါး)

ကီယက်ဗ်မြို့ပြင် တောအုပ်တစ်ခုမှာ ယူကရိန်းအရပ်သား တစ်စုဟာ နှင်းထုတွေ သစ်ကိုင်းသစ်လုံးတွေကို အသုံးပြုပြီး နားခိုးရာနေရာတွေ ဆောက်နေကြပါတယ်။ ဒါဟာ အသက်ရှင်ရပ်တည်ရေး နည်းနာ လေ့လာမှုတွေထဲက တစ်ခုကို လက်တွေကွင်းဆင်း လေ့လာနေကြတာလည်း ဖြစ်ပါတယ်။

ယူကရိန်း-ရုရှားနယ်စပ်မှာ ရုရှားဘက်က စစ်အင်အားတွေ အလုံးအရင်းနဲ့ တိုးချဲ့ ချထားလာမှုတွေကြောင့် စိုးရိမ်မှုတွေနဲ့အတူ ဒီသင်တန်းသားတွေဟာ အလောတကြီး သင်ယူနေကြပါတယ်။ နှစ်ရက်တာသင်တန်းအတွင်း အေးခဲနေတဲ့ သုညအောက်အပူချိန်မှာ အသက်ဆက်ဖို့၊ မီးမွှေးဖို့စတဲ့ အသက်ရှင်ရပ်တည်ရေး နည်းနာတွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။

“ရုရှားတွေသာ လာတိုက်တယ်ဆိုရင် ဒီကျွမ်းကျင်မှုတွေက အထူးအရေးပါလာမှာ” လို့ အသက် ၂၉ နှစ်အရွယ် ကွန်ပျူတာပရိုဂရမ်မာ အာတမ်ကူဇမင်ကိုက ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ စစ်ပွဲတွေနဲ့ အသားကျနေပါပြီ။ မော်စကိုကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ နိုင်ငံအရှေ့ပိုင်းမှာ ၂၀၁၄ ခုနှစ်တည်းက ဖြစ်လာခဲ့တဲ့ ပဋိပက္ခတွေအတွင်း နိုင်ငံဟာပိတ်မိနေပြီး ဒီဖြစ်စဉ်တွေကြောင့် လက်ရှိအထိ သေဆုံးသူ ၁၃၀၀၀ ကျော်သွားပါပြီ။

ဒါပေမဲ့ ရုရှားတပ်တွေ အပြည့်အဝ ထိုးစစ်ဆင်ကျူးကျော်လာနိုင်တယ်လို့ အနောက်နိုင်ငံတွေက သတိပေးမှုတွေ ရှိလာပြီး နောက်ပိုင်းမှာ ကီယက်ဗ်လို့ မြို့ကြီးတွေက ပြည်သူတွေဟာ အဆိုးဆုံးအနေအထားတွေ အတွက်ပါ ပြင်ဆင်လာကြပါတယ်။

“မြို့ကြီးပြကြီးက လူတွေအဖို့က ပဋိပက္ခတွေ တိုက်ပွဲတွေဟာ သူတို့နဲ့ ဝေးပါတယ်ဆိုတဲ့ အမြင်နဲ့ အသားကျနေခဲ့ကြတာလေ” လို့ အသက် ၄၀ အရွယ် သင်ကြားရေးမှူး ဆာဂျီဗစ်ရှ်နက်စကီးက ပြောပါတယ်။
ခုတော့ “စစ်ပွဲတွေက သူတို့ဆီ ရောက်လာနိုင်ခြေ ရှိနေပြီဆိုတာကို သဘောပေါက်လာကြပြီ” လို့ သူကဆိုပါတယ်။

ဗစ်ရှ်နက်စကီးဟာ ခုလိုမျိုး အရပ်သားတွေအတွက် အသက်ရှင်ရပ်တည်ရေး သင်တန်းတွေ မပေးခင်မှာ ရှေ့တန်းမှာ ပါဝင်တိုက်ခိုက်ခဲ့သူပါ။ တိုက်ခိုက်မှုတွေ ရှိလာရင် လူတွေ အစုလိုက်အပြုံလိုက် နယ်စပ်ကို ပြေးတာ၊ ထိခိုက်ဒဏ်ရာရကြတာ၊ အဆောက်အအုံတွေ ဖျက်ဆီးခံရတာတွေ ရှိလာနိုင်ခြေကို သူက ပြောပြပါတယ်။

ကျူးကျော်နိုင်ခြေ ရှိကြောင်း ပြောသံတွေ ပိုကျယ်လာတာနဲ့အမျှ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဒီအကြောင်းကို လူပြောသူပြော များလာတာ သူမြင်ခဲ့ရပါတယ်။

မကြာမီမှာ သူထုတ်လွှင့်ဖို့ရှိနေတဲ့ အွန်လိုင်းပြောကြားမှုမှာ တက်ရောက်ဖို့ စာရင်းပေးထားသူပေါင်း ၄၀၀၀ ခန့်အထိ ရှိပါတယ်။

“ကိုယ့်မိသားစုအတွက် ခိုလှုံဖို့နေရာ ဘယ်လိုဆောက်ရမလဲဆိုတာ လူတိုင်း သိသင့်ပါတယ်” လို့ သူကပြောပါတယ်။

စိတ်ပညာကျောင်းသူ ယာနာကာမင်စကာဟာ အသက် ၃၃ နှစ်ရှိပါပြီ။ သူမဟာလည်း ရှေ့မှာဖြစ်လာနိုင်ခြေတွေအတွက် ရုပ်ပိုင်းစိတ်ပိုင်း အဆင်သင့် ဖြစ်နေဖို့အတွက် ဗစ်ရှ်နက်စကီးရဲ့ အသက်ရှင်ရပ်တည်ရေး သင်တန်းကို သူ့ချစ်သူနဲ့အတူ တက်ရောက်နေပါတယ်။
ရုတ်တရက် ထွက်ခွာဖို့လိုအပ်လာရင် ယူသွားရမယ့် အရေးပေါ်အိတ်ကို အဆင်သင့် ထုတ်ပိုးထားပါပြီ။ အဓိကဦးစားပေးရမယ့်အရာကိုလည်း သူက သိပါတယ်။

“ပထမဆုံးကတော့ ကိုယ့်မိသားစုကို ဂရုစိုက်ဖို့ပါပဲ” လို့ သူက ပြောပါတယ်။

“ပြီးရင်တော့ သူတို့ကို လုံခြုံတဲ့နေရာကို ပို့ဖို့ရယ်၊ ပြန်လာပြီး ကိုယ့်အိမ်ကိုကိုယ် ကာကွယ်ဖို့ရယ်ပါ” လို့ ယာနာကာမင်စကာက ဆိုပါတယ်။

လူထုက လိုအပ်တဲ့ အသိအမြင်တွေ ပိုမိုလေ့လာလာကြတာနဲ့အမျှ သင်တန်းတွေလည်း ကီယက်ဗ်မှာ ပိုပိုများလာနေပါတယ်။

ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေမှာဆိုရင် တက္ကသိုလ်တစ်ခုက သင်ကြားရေးခန်းမမှာ အမျိုးသမီး ၁၅၀ ခန့်ဟာ သူတို့ရဲ့ သင်တန်းဆရာပြသတဲ့ လက်နက်မပါဘဲ တိုက်ခိုက်လာသူကို ဦးခေါင်းနဲ့ လည်ပင်းနေရာတွေကို ဘယ်လိုခုခံတိုက်ခိုက်ရမလဲ ဆိုတာကို လေ့လာကြည့်ရှုခဲ့ကြပါတယ်။

အိုလယ်နာဘီလက်စကာရဲ့ ယူကရိန်းအမျိုးသမီးအစောင့်အဖွဲ့ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးနဲ့ အခက်အခဲတွေကြား အသက်ရှင်ရပ်တည်ရေး သင်ခန်းစာတွေ အခမဲ့ ပို့ချပေးနေပါတယ်။ သင်တန်းတက်ဖို့ စာရင်းသွင်းထားတဲ့ အမျိုးသမီးဦးရေ ၁၀၀၀ နီးပါးရှိပေမဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်စည်းကမ်းတွေကြောင့် သင်တန်းသားအရေအတွက်ကိုလည်း ကန့်သတ်ထားရတယ်လို့ သူကပြောပါတယ်။

“လူတိုင်းက ကိုယ့်မိသားစုရဲ့ ဘဝနဲ့ ကျန်းမာရေးဟာ ကိုယ့်တာဝန်ပဲဆိုတာကို နားလည်ကြပါတယ်” လို့ သူက ဆိုပါတယ်။

“အနည်းဆုံးတော့ အခြေခံစွမ်းရည်တစ်ချို့ကို တတ်ထားဖို့ လိုမယ်လေ” လို့လည်း သူက ပြောပါတယ်။

အမေရိကန်အစိုးရဲ့ ပူညံပူညံ စိုးရိမ်နေသံ ပိုများလာမှုကို တည်ငြိမ်အောင်ထိန်းဖို့အတွက် ယူကရိန်းသမ္မတ ဗလာဒီမာဇီလင်စကီးတစ်ယောက် အသည်းအသန်ကြိုးစားနေပါတယ်။
ကီယက်ဗ်မြို့က ဘဝတွေဟာလည်း ဆိုင်တွေဖွင့်၊ စားသောက်ဆိုင်တွေ လူပြည့် စသဖြင့် ပုံမှန်လည်ပတ်မြဲပါ။

ဒါပေမဲ့ လူ့အရင်းအမြစ်စီမံခန့်ခွဲရေး မန်နေဂျာတစ်ဦးဖြစ်သူ အိုလက်ဆန်ဒရာကိုဗလန်ကို ကတော့ ဖြစ်လာနိုင်ခြေ ဘယ်လိုအနေအထားမျိုး အတွက်မဆို အဆင်သင့် ဖြစ်နေချင်တယ်လို့ ပြောပါတယ်။

“ဖြစ်လာနိုင်တဲ့ အဆိုးဆုံးအနေအထားကို ကြိုတွေးပြီး စီစဉ်ထားရမယ်လေ။ စစ်ပွဲတစ်ရပ် ဖြစ်လာနိုင်ခြေက ရှိနေတာပဲ” လို့လည်း သူက ပြောပါတယ်။

မြို့တွင်း နောက်တစ်နေရာမှာတော့ လူအယောက် ၃၀၀ ခန့်ဟာ နိုင်ငံအရှေ့ပိုင်းမှာ ရှေ့တန်းထွက်ခဲ့ဖူးတဲ့ အပျော်တမ်းစစ်သားတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံစစ်သင်တန်းကို တက်ရောက်နေကြပါတယ်။
သင်တန်းခေါင်းစဉ်ကို “မကြောက်နဲ့၊ ကြိုတင်ပြင်ဆင်ကြ” လို့ နာမည်ပေးထားပါတယ်။

“ကြောက်တယ်ဆိုတာက လူတွေ ဘာလုပ်ရမှန်း မသိတဲ့အချိန်မှာ ဖြစ်လာတာ။ လက်နက် ဘယ်လိုသုံးရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲ၊ ပစ်ခတ်မှုတွေ ဖြစ်လာရင် ဘာလုပ်ရလဲ စသဖြင့်ပေါ့” လို့ သင်တန်းဆရာ မက်ဆင်ဇိုရင်က ပြောပါတယ်။ ဇိုရင်ဟာ အာဇော့တပ်ရင်းရဲ့ တပ်ရင်းမှူးဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

သင်တန်းသားတွေဟာ သေနတ်ကို ဘယ်လိုကိုင်မယ်၊ ဘယ်လို့ချိန်မယ်၊ သေနတ်တစ်ဖက်နဲ့ ဘယ်လိုနေရာရွှေ့မယ် စတာတွေကို ကာလက်ရှ်နီကော့ရိုင်ဖယ်နဲ့ ပုံစံတူသစ်သားသေနတ်တွေနဲ့ လေ့ကျင့်နေကြတာပါ။
သင်တန်းသားတွေကတော့ လူစုံပါ။ မိသားစုဝင်တွေ ကလေးတွေကအစ ပါဝင်ပါတယ်။ ရန်သူတွေ သိမ်းပိုက်ထားတဲ့ အဆောက်အအုံတစ်ခုကို ဘယ်လိုဝင်ပြီး ပစ်ခတ်မလဲဆိုတာ သင်နေကြပါတယ်။

လူငယ်သင်တန်းသားတစ်ယောက် ခန္ဓာကို တစ်ပတ်လှည်ဖို့ ကြိုးစားနေတာကို ကြည့်ပြီး “မင်း ဘယ်ခြေထောက်က နေရာမှားနေတယ်ကွ” ဆိုပြီး သင်တန်းဆရာတစ်ယောက်က လှမ်းအော်လိုက်တာလည်း တွေ့ရပါတယ်။
သင်တန်းမှာ ဆေးဝါးကုသရေး လမ်းညွှန်ချက်တွေလည်း ပါဝင်ပါတယ်။ သင်တန်းသားတွေ ကိုယ်နယ်မြေမှာကိုယ် ပြန်သင်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သင်တန်းစီစဉ်သူတွေက ပြောပါတယ်။

“ဒါက ကျွန်တော့်နိုင်ငံပဲ။ ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေလို့ရမှာလဲ” လို့ အသက် ၂၀ အရွယ် အက်ဂျီနီပီထရစ်က သူ့ရိုင်ဖယ်ကိုကိုင်ရင်း ပြောပါတယ်။
တခြားသူတွေလိုပါပဲ။ သူလည်း တိုက်ပွဲတွေ တကယ်ဖြစ်လာနိုင်သလား ဆိုတာ ဂဃနဏ သိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူကတော့ မရေမရာ ထိုင်စောင့်နေမှာမဟုတ်ပါဘူး။

“ဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့လေ။ ဒါက ကျွန်တော် ဆုံးဖြတ်ရမှာမဟုတ်ဘူး”လို့ သူကပြောပါတယ်။

“ကျွန်တော်က အကြားအမြင်ဆရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသင့်ရှိနေဖို့ကတော့ လိုမှာ” လို့ သူက ဆိုပါတယ်။

အမရာ
(မူရင်း - Ukrainians hone survival skills as Russia tensions mount by Max DELANY and Germain MOYON, AFP)