- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ယူကရိန်းကို ရုရှားတို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်
ရုရှားနိုင်ငံသည် ကြာသပတေးနေ့တွင် ယူကရိန်းကို ကြည်း၊ရေ၊လေ သုံးမျိုးလုံးဖြင့် အင်အားပြည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ စတင်ပြုလုပ်လိုက်ပြီ ဖြစ်သည်။
24 Feb 2022
ဖေဖော်ဝါရီ ၂၄ ၊DMG
ရုရှားနိုင်ငံသည် ကြာသပတေးနေ့တွင် ယူကရိန်းကို ကြည်း၊ရေ၊လေ သုံးမျိုးလုံးဖြင့် အင်အားပြည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ စတင်ပြုလုပ်လိုက်ပြီ ဖြစ်သည်။
ယူကရိန်းမြို့ကြီးများကို ရုရှားဘက်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ရုရှားတပ်ရင်းများသည်လည်း နယ်စပ်မှတစ်ဆင့် ယူကရိန်းအရှေ့ပိုင်း ချာနီဟစ်၊ ခါကစ်၊ လူဟန့်ဒေသများသို့ အလုံးအရင်း ထိုးစစ်ဆင် ဝင်လာနေပြီဖြစ်ကာ နိုင်ငံတောင်ပိုင်းရှိ အိုဒက်ဆာနှင့် မာရူပိုမြို့များသို့လည်း ရေကြောင်းမှတစ်ဆင့် ဝင်ရောက်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းမြို့တော် ကီယက်ဗ်၌ ကြာသပတေးနေ့ နံနက်အာရုံတက်ချိန်တည်းက ပေါက်ကွဲသံများ ကြားခဲ့ရပြီး ပင်မလေဆိပ် အနီးတွင်လည်း သေနတ်သံများ ထွက်ပေါ်ခဲ့သည်။
ယူကရိန်း၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်ပြီး ယူကရိန်းနယ်စပ်နှင့် အနီးဆုံး မြို့ကြီးဖြစ်သည့် ခါကစ်တွင်လည်း ဆက်တိုက်ပေါက်ကွဲမှုကြီးများကြောင့် ပြည်သူများ ထိတ်လန့်လျက်ရှိကာ မြို့တော်ကို စွန့်ခွာရန် စီစဉ်နေကြသူများလည်း အများအပြားရှိနေသည်။
ရုရှားခေါင်းဆောင် ပူတင်သည် ယူကရိန်းကို ဖျက်ဆီးလိုသည့်ရည်ရွယ်ချက် ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုနီမာဇီလင်စကီးက ပြောကြားသည်။
“ပူတင်ဟာ ယူကရိန်းကို အင်အားပြည့် ကျူးကျော်ထိုးစစ်ဆင်လိုက်ပါပြီ။ ငြိမ်းချမ်းတဲ့ ယူကရိန်းမြို့တွေဟာ တိုက်ခိုက်ခံနေရပါပြီ” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလေဘာက တွစ်တာပေါ်တွင် ရေးသားထားသည်။
ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းနိုင်ငံကို မြောက်၊ အရှေ့နှင့် တောင် သုံးနေရာမှ ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း ယူကရိန်းသမ္မတအကြံပေး မီးခေးလိုပိုဒိုယက်က ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့စစ်တပ်ဟာ ရန်သူတွေကို ပြန်တိုက်နေပြီး သိသိသာသာ အထိနာစေလျက်ရှိပါတယ်” ဟု သူက ပြောသည်။
အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသည်ဟု သူက ဖြည့်စွက်ပြောကြားသော်လည်း အသေးစိတ်ကို ပြောကြားခြင်းမရှိပေ။
“အခုအချိန်မှာ ယူကရိန်းနိုင်ငံဟာ ကမ္ဘာကြီးဆီက အထူးအထောက်အပံ့တွေ လိုအပ်နေပါတယ်။ စစ်ရေးနည်းပညာနဲ့ ဘဏ္ဍာရေးပိုင်းတင်မကဘဲ ရုရှားကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေပါ လိုအပ်နေတာပါ” ဟု သူက ပြောကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ရုရှားသည် ယူကရိန်းနိုင်ငံရှိ လေတပ်အခြေစိုက် စခန်းများနှင့် စစ်ဘက်အဆောက်အအုံ အများအပြားကို ဦးတည်တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်းသမ္မတ၏ အကြံပေးနောက်တစ်ဦး ဖြစ်သူ အိုလက်ဆီ အရက်စတိုဗစ်က ပြောသည်။
လက်ရှိအချိန်၌ ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းပိုင်နက်အတွင်းသို့ ၃ မိုင်ခန့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သူက ပြောသည်။