ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်တိုးချမှတ်ရန် ကန်လွှတ်တော်အမတ်များအား သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း

အမေရိကန်အစိုးရ အနေဖြင့် နိုင်ငံတော်ပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် အစိုးရဘဏ်အား ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်သင့်ကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

06 May 2021

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၁၉ မတ်လတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ မေ ၆

အမေရိကန်အစိုးရ အနေဖြင့် နိုင်ငံတော်ပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် အစိုးရဘဏ်အား ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်သင့်ကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

စစ်တပ်ပိုင် မြဝတီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ်နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့ကို ဒဏ်ခတ် အရေးယူသင့်ကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် ဦးကျော်မိုးထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတဘိုင်ဒန်အစိုးရသည် မြန်မာနိုင်ငံ၌ စစ်တပ်၏ ချုပ်ကိုင်မှုကို ရှုတ်ချထားပြီး မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စစ်တပ်အတွက် ဝင်ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းသည် အရှေ့တောင်အာရှ နိုင်ငံများ၏ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောသည်။

ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြန်မာစစ်တပ်က အရပ်သားအစိုးရအား ဖြုတ်ချမှု နောက်ပိုင်း၌ ဦးကျော်မိုးထွန်းသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ရွေးကောက်ခံ လွှတ်တော်အမတ်များ ဘက်က ရပ်တည်ခဲ့သော်လည်း ကုလ မြန်မာသံအမတ်အဖြစ် တရားဝင် ရပ်တည်လျက်ရှိသည်။