- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာ့အရေးတွင် နိုင်ငံတကာ၏ အားထုတ်မှုများ ကျရှုံးနေကြောင်း ကုလသံတမန် ပြောကြား
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးဝါးလာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က လူ့အခွင့်အရေးကောင်စီအား ပြောကြားလိုက်သည်။
24 Sep 2021

DMG ၊ စက်တင်ဘာ ၂၄
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးဝါးလာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က လူ့အခွင့်အရေးကောင်စီအား ပြောကြားလိုက်သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် တွမ်အင်ဒရူးက စက်တင်ဘာလ ၂၂ ရက်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း UN ကထုတ်ပြန်သည့် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ လက်ရှိအားထုတ်မှုများသည် အရာမထင် ဖြစ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သေကြေပျက်စီးရမှုများ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ရေးအတွက် နိုင်ငံတကာ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြောင်းလဲရန် လိုအပ်ကြောင်း တွမ်အင်ဒရူးက ပြောကြားသည်။
စစ်တပ်ကို သပိတ်မှောက်ထားကြသော မြန်မာလူထုကို ထောက်ခံပံ့ပိုးသည့်အနေဖြင့် နိုင်ငံတကာ အစိုးရများအနေဖြင့်လည်း မြန်မာစစ်တပ်အား စီးပွားရေးအရ ပိုမိုပြင်းထန်သည့် ဖိအားပေးခြင်းများကို နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် လက်နက်ရောင်းချမှု ပိတ်ပင်ပေးရန် သူက တိုက်တွန်းခဲ့သည်။
“မြန်မာပြည်သူတွေ အခွန်အခ ပေးဖို့ ငြင်းဆန်တဲ့အတွက် စစ်တပ်ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံလောက် နစ်နာသွားတယ်လို့ ယူဆရပါတယ်” ဟု သူကပြောသည်။
နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် PDF တပ်ဖွဲ့များသည် လက်လုပ် လက်နက်များဖြင့် မြန်မာစစ်တပ်ကို တိုက်ခိုက်မှုများ ရှိနေပြီး စစ်တပ်ဘက်ကလည်း မြို့များနှင့် ကျေးရွာများကို ရွာလုံးကျွတ် နှိမ်နင်းမှုများဖြင့် လက်တုံ့ပြန်မှုများ ရှိနေသည်ဟု တွမ်အင်ဒရူး၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးရသူ စုစုပေါင်း ၁၁၀၀ ကျော်နေပြီဖြစ်ကြောင်း တွမ်အင်ဒရူး၏ ပြောကြားချက်တွင် ဖော်ပြထားသည်။ တစ်ဖက်သတ် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၈ ထောင်ကျော်ရှိပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၂၃၀၀၀၀ ထက်မနည်း ရှိနေသည်ဟုလည်း တွမ်အင်ဒရူး၏ ပြောကြားချက်အရ သိရသည်။