- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကုလလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ကြေညာချက်ထုတ်ရန် သဘောတူညီမှုမရ
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သောကြာနေ့က တံခါးပိတ်ဆွေးနွေးရာ သဘောတူညီမှု မရခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 May 2021

DMG ၊ မေ ၃
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သောကြာနေ့က တံခါးပိတ်ဆွေးနွေးရာ သဘောတူညီမှု မရခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗြိတိန်က ရေးဆွဲပြီး လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သည့် ကြေညာချက်မူကြမ်းအား တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ပြီး ၎င်းတို့ သီးသန့်ရေးသားထားသည့် ကြေညာချက်ကို တင်သွင်းခဲ့သည်။ ၎င်းတို့၏ မူကြမ်းသည် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အများစုအတွက် လက်ခံနိုင်ဖွယ်ရာမရှိ ဖြစ်နေကြောင်း သံတမန်များ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိအချိန်အထိ ဆွေးနွေးမှုများ ရှိနေဆဲဖြစ်ကာ မူကြမ်းနှစ်ခုကိုပူးပေါင်းပြီး ထုတ်ပြန်ရန် ညှိနှိုင်းနေကြကြောင်း သံတမန်များက ဆိုသည်။
သောကြာနေ့ တံခါးပိတ်အစည်းအဝေးအား ဗီယက်နမ်နိုင်ငံက ခေါ်ယူကျင်းပခဲ့ခြင်း ဖြစ်ပြီး အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် မြန်မာအရေး အာဆီယံထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား တင်ပြရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အာဆီယံသည် မြန်မာ့အရေးအတွက် မြန်မာနိုင်ငံသို့ အာဆီယံအထူးကိုယ်စားလှယ် တစ်ဦး စေလွှတ်ရန် စီစဉ်လျက်ရှိသည်။
လက်ရှိ၌ အာရှဒေသတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာ ဘာဂျီနာလည်း လုံခြုံရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံအစည်းအဝေးသို့ လာရောက်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးခြား တွေ့ဆုံမှုကို တင်ပြခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ခရစ္စတင်းရှရာနာဘာဂျီနာသည် မြန်မာနိုင်ငံသို့ ဝင်ခွင့်ရရေး ထပ်မံတောင်းဆိုခဲ့ပြီး ငြင်းပယ်ခံခဲ့ရသည်ဟု သံတမန်များက ပြောသည်။
အစည်းအဝေးတွင် ဘရူးနိုင်းနိုင်ငံကလည်း အာဆီယံကခန့်အပ်မည့် အထူးသံတမန်နှင့် ကုလအထူးသံတမန်တို့ကို မြန်မာနိုင်ငံသို့ ပူးတွဲစေလွှတ်ရန် တင်ပြခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။