- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
တစ်နှစ်တာ ကာကွယ်ဆေးထိုးနှံရေးပမာဏ ပြည့်မီရေးအတွက် ခိုင်မာသောအစီအစဉ်များ လုပ်ဆောင်ကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
ယခုနှစ်မကုန်မီ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပြီးစီးရေး ပန်းတိုင်သို့ ရောက်ရှိရန်အတွက် ယခုရက်ပိုင်းအတွင်း ခိုင်မာသည့်တိုးတက်မှုများ လုပ်ဆောင်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရပ်စ်က တစ်ကမ္ဘာလုံးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလေးအနက် တိုက်တွန်းလိုက်သည်။
19 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၉
ယခုနှစ်မကုန်မီ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပြီးစီးရေး ပန်းတိုင်သို့ ရောက်ရှိရန်အတွက် ယခုရက်ပိုင်းအတွင်း ခိုင်မာသည့်တိုးတက်မှုများ လုပ်ဆောင်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရပ်စ်က တစ်ကမ္ဘာလုံးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလေးအနက် တိုက်တွန်းလိုက်သည်။
နိုင်ငံများတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့်ပတ်သက်၍ လုံးထွေးနေချိန်တွင် “ကာကွယ်ဆေး ရရှိမှု မညီမျှခြင်းသည် မျိုးကွဲရောဂါပိုးများအား ပိုဆိုးလာစေရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်နေသည်”ဟု ကိုရိုနာဗိုင်းရပ်စ်နှင့် ထိတွေ့မှုကို ရှောင်ရှားနိုင်စေရန်အတွက် အိမ်မှနေ၍ အလုပ်လုပ်နေသော ဂူတားရပ်စ်က သတင်းထောက်များကို အွန်လိုင်းတွေ့ဆုံမှု မှတဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်အသစ်နှင့် ပတ်သက်၍ မသိသေးသောအချက်များ အများအပြားရှိနေချိန်၌ပင် အဆိုပါ မျိုုးကွဲဗိုင်းရပ်စ်ပိုးသည် အခြားသောမျိုးကွဲများထက် စာလျင် ပိုမို၍နေ့စဉ် လျင်မြန်စွာ ကူးစက်လျက်ရှိသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဆိုသည်။
နှစ်ကုန်ရန် ရက်သတ္တပတ် ၂ ပတ်ကျော်မျှသာ ကျန်ရှိချိန်တွင် WHO ၏ ၄၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီးရမည့် သတ်မှတ်ချက်ကို ၉၈ နိုင်ငံသာ ရောက်ရှိသေးသည်ဟု ဂူတားရပ်စ်က ပြောကြားသည်။ နိုင်ငံပေါင်း ၄၀ သည် ၁၀ ရာခိုင်နှုန်းခန့်ပင် ကာကွယ်ဆေးထိုးနှံရခြင်း မရှိသေးပေ။
“နိုင်ငံအားလုံး၊ အထူးသဖြင့် လုပ်ငန်းဆောင်တာတွေကို တာဝန်ယူနိုင်စွမ်းရှိတဲ့ နိုင်ငံတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုတွေရရှိစေရန် အတွက် လာမယ့်ရက်တွေမှာ ခိုင်မာသည့် လုပ်ဆောင်ချက်တွေ မဖြစ်မနေ လုပ်ဆောင်ကြရပါမယ်” ဟု နှစ်ကုန် ရည်မှန်းချက် ပန်းတိုင်ကို ရည်ရွယ်၍ ဂူတားရပ်စ်က ပြောကြားသည်။
WHO၏ နောက်ထပ် စံသတ်မှတ်ချက်ဖြစ်သော ကမ္ဘာ့လူဦးရေ၏ ရ၀ ရာခိုင်နှုန်းကို လာမည့်နှစ်လယ်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းစဉ်ကို ဆက်သွားရန် အတွက် ၎င်းနိုင်ငံများ အနေဖြင့် ပိုမိုမြင့်မားစွာရည်မှန်းချက် ထားရန် လိုအပ်သည်ဟုလည်း သူက ထပ်လောင်းပြောကြားခဲ့သည်။
အကြမ်းအားဖြင့် ကာကွယ်ဆေး ၁၀ ဘီလီယံကို ကမ္ဘာအနှံ့ဖြန့်ဖြူးပြီး ဖြစ်သော်လည်း အဆိုပါ ကာကွယ်ဆေး အများစုမှာ ချမ်းသာသောနိုင်ငံများသို့ ဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂက အတည်ပြုထားသည့် COVAX ကာကွယ်ဆေးကို သန်း ရ၀၀ ကျော်သာ ဖြန့်ဖြူးထားရသေးသည်။ COVAX ကာကွယ်ဆေးကို ယခုနှစ်မကုန်မီ ၂ ဘီလျံအထိဖြန့်ဖြူးရန် ကနဦး ရည်ရွယ်ခဲ့သော်လည်း စက်တင်ဘာလတွင် အဆိုပါ ရည်မှန်းချက်ကို ၁.၄ ဘီလီယံ အထိ လျော့ချခဲ့သည်။