မြန်မာ့အရေး အဆောတလျင် အဖြေရှာကြရန် အရေးကြီးကြောင်း ကုလပြော

တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်အာဏာရယူပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀၀ ကျော် သေဆုံးနေ၍ မြန်မာ့အရေး အဆောတလျင် အဖြေရှာကြရန် အလွန်ပင်အရေးကြီးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

31 Mar 2021

ဓါတ်ပုံ - AFP

DMG ၊ မတ် ၃၁

တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်အာဏာရယူပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၅၀၀ ကျော် သေဆုံးနေ၍ မြန်မာ့အရေး အဆောတလျင် အဖြေရှာကြရန် အလွန်ပင်အရေးကြီးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များမှ ကလေးငယ်များနှင့် လူငယ်များအပါအဝင် အရပ်သားများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ခြင်းအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ အပြင်းထန်ဆုံးရူတ်ချကြောင်း စနေနေ့က ပြောထားသည်။

ဖေဖော်ဝါရီလက စတင်ခဲ့သည့် စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားကတည်းက စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ပြုလုပ်နေရာ နေ့စဉ်လူသေဆုံးမှုများရှိခဲ့ပြီး မတ် ၂၉ ရက်နေ့က သေဆုံးသူအရေအတွက် အများဆုံးဖြစ်ခဲ့မှုကို လုံးဝလက်သင့်ခံနိုင်စရာ မရှိကြောင်းနှင့် နိုင်ငံတကာမှ တစ်စုတစ်စည်းတည်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ကြရန် ကုလက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်နေသည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာတန်ရှိသူများကို တာဝန်ခံရစေရန် လုပ်ဆောင်ရမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လတ်တလော ကလေးသူငယ်များ ပျက်စီးဆုံးရှုံးမှုဖြစ်သည့် စနေနေ့က အနည်းဆုံး ကလေးသူငယ် ၁၀ ဦး သတ်ဖြတ်ခံရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း UNICEF ၏ အမူဆောင်ဒါရိုက်တာ ဖြစ်သူ Henrietta Fore က ပြောသည်။

သန်းနှင့်ချီသော ကလေးသူငယ်များနှင့် လူငယ်များသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ခံစားမှုပိုင်းဆိုင်ရာ ကောင်းမွန်စွာနေထိုင်ရေးတို့ကို ထိခိုက်ပြီး၊ စိတ်ဒဏ်ရာရစေနိုင်သော အကြမ်းဖက်မှု မြင်ကွင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တွေ့မြင်ကြုံတွေ့ခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကလေးသူငယ်များအပါအဝင် မဆင်မခြင်သတ်ဖြတ်မှုများနှင့် စစ်တပ်မှ ကလေးသူငယ်များ၏ လုံခြုံမှု သေချာစေရေးနှင့် ထိန်းသိမ်းရေးတို့ ပျက်ကွက်နေမှုများအတွက် များစွာ ထိတ်လန့် တုန်လှုပ်မိကြောင်း Ms. Fore က ပြောသည်။

ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Alice Wairimu Nderitu နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တို့က မြန်မာစစ်တပ်ကြောင့် သွေးထွက်သံယိုမှုများ ကျယ်ပြန့်စွာဖြစ်ခဲ့ပြီး နောက်ရက် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ရှင်းလင်းစွာ သတိပေးထားသည်။

လုံခြုံရေးကောင်စီအား နောက်ထပ်ခြေလှမ်းများလှမ်းရန်နှင့် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူလူထုအပေါ် ရက်စက်သည့် ရာဇဝတ်မှုများ ကျူးလွန်နေခြင်းမှ ကာကွယ်ရန်တာဝန်ကို ထိန်းသိမ်းရေး အရေးတကြီးဆောင်ရွက်ရန် အထူးအကြံပေးပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုထားသည်။